ကမ်းနားလမ်းမှာ ကုန်တင်ယာဉ်တွေကြောင့် လမ်းပိတ်ဆို့မှုဖြစ်

0:00 / 0:00

ရန်ကုန်မြို့၊ ကမ်းနားလမ်းတလျှောက်မှာ ဒီကနေ့မနက်က ကုန်သေတ္တာတင်ယာဉ် အစီး ၅၀၀ လောက် ပိတ်ဆို့နေတဲ့အတွက် ၆ နာရီလောက်ကြာအောင် ယာဉ်ကြောပိတ်ဆို့ခဲ့ပြီး နေ့လည်လောက်မှာ လမ်းတွေပုံမှန်အတိုင်း သွားလာနိုင်ခဲ့ပါတယ်။

ကုန်သေတ္တာတင်ယာဉ် မောင်းနှင်သူတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာတဲ့အတွက် အခုလို ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့ရတာလို့ လမ်းရှင်းရာမှာပါဝင်ခဲ့တဲ့ အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်အောင်စိုး က ပြောပါတယ်။

"ဘာဖြစ်လို့ ပိတ်ကုန်တာလဲဆိုတော့ မနက်တုန်းကဗျာ၊ ဒီဘက်ကွန်ကရစ် ကမ်းနားလမ်းသစ်ကနေ ဟိုဘက် ကြည့်မြင်တိုင်အထွက်မှာဗျာ၊ ထိပ်ဆုံးက ကားတစ်စီးက ရပ်လိုက်တယ်။ ၆ နာရီထိုးပြီဆိုတော့ မသွား ရဲတော့ဘူး။ ရပ်လိုက်တဲ့အခါကျတော့ နောက်က ကားတွေက ပိတ်သွားရော၊ ဒီဘက်က ဝင်တဲ့ကားတွေ ကလည်း ဝင်လာတာပေါ့နော်။ ဝင်လာတဲ့အချိန်မှာ ကားတွေက ကျော်တက်ပြီးတော့ စည်းမဲ့ကမ်းမဲ့ ၊ ပြောချင်တာကတော့ဗျာ စည်းကမ်းမဲ့တာပေါ့။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတာပေါ့"

ယာဉ်ကြောပိတ်ဆို့မှုဟာ ဒီကနေ့မနက် ၆ နာရီလောက်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နယ်မြေခံ အလုံရဲတပ်ဖွဲ့၊ ဆိပ်ကမ်းအာဏာပိုင်တာဝန်ရှိသူတွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေက ပူးပေါင်းပြီး လမ်းကြောရှင်းပေးခဲ့တဲ့ အတွက် နေ့လည် ၁၂ နာရီလောက်မှာ လမ်းကြော ပြန်ပွင့်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၇ ရက်ကနေ စပြီး ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းမှာ ၉ တန်နဲ့အထက် ကုန်သေတ္တာတင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို ည ၉ နာရီကနေ မနက် ၆ နာရီအထိပဲ မောင်းနှင်ခွင့် ပြုထားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဖို့အတွက် အဲဒီလိုသတ်မှတ်လိုက်တာဖြစ်ပေ မယ့် ကုန်တင်ယာဉ်တွေအတွက် ခွင့်ပြုချိန်နည်းတဲ့အတွက် အချိန်မီမရောက်နိုင်ဘဲ အခုလိုလမ်းပိတ်သွားတာဖြစ် တယ်လို့ ကုန်သေတ္တာတင်ယာဉ်မောင်းတွေက ပြောပါတယ်။

ဒီကနေ့ လမ်းကြောပိတ်ဆို့မှုဖြစ်အောင် ကုန်သေတ္တာတင်ယာဉ် မောင်းနှင်သူတွေက ဆန္ဒပြတာမဟုတ်ဘဲ ခွင့်ပြုချိန်နည်းတဲ့အတွက် ကားတွေများပြီး လမ်းကြောပိတ်ဆို့သွားတာ ဖြစ်တယ်လို့လည်း ကုန်သေတ္တာတင် ယာဉ် မောင်းနှင်သူတွေက ပြောပါတယ်။

ကုန်သေတ္တာတင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို အောက်မင်္ဂလာဒုံလမ်း၊ သံသုမာလမ်း၊ ကမ်းနားလမ်း၊ ရှုခင်းသာ လမ်း၊ ဧရာဝဏ်လမ်းနဲ့ သုဓမ္မာလမ်းတွေမှာပဲ သတ်မှတ်ချိန်အတွင်း မောင်းနှင်ဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်အောင်စိုးကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထား ပါတယ်။