ပြည်ထောင်စုလွှတ်တော်တက်မယ့် အမတ် လေးဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

သက်စုအောင်
2021.01.25

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လွှတ်တော်အမတ် လေးဦးအနက် သုံးဦးက ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေဖြစ်ပြီး၊ ကျန်တစ်ဦးကတော့ ရခိုင်ပြည်နယ်က ANP ပါတီ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ နေပြည်တော်ကို အတူလိုက်ပါလာတဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးရဲ့ မိသားစုဝင် နှစ်ဦးမှာလည်း ပိုးတွေ့ရှိတာကြောင့် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ခြောက်ဦးရှိပါတယ်။

လွှတ်တော်တက်ဖို့ရောက်နေတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်ပေါင်းက ကိုယ်စားလှယ်တွေနဲ့အတူ မိသားစုဝင်တချို့ပါ လိုက်ပါလာတဲ့အတွက် စုစုပေါင်း လူ ၆၀၀ လောက် ကို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ အသုတ်လိုက်ခွဲပြီးစစ်ဆေးတဲ့အခါ ခြောက်ယောက်မှာ ပထမဦးဆုံး ရောဂါပိုးတွေ့ရှိခဲ့ တာပါ။

ပိုးတွေ့သူအားလုံး နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံမှာ ကုသမှုခံယူနေပြီး၊ အားလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း ကိုဗစ်ပိုး ကူးစက်ခံထားရတဲ့ အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောပါတယ်။

"တချို့ကျလည်း စိတ်ပူကြတာပေါ့၊ ဒီလိုမျိုး ကိုဗစ်ကို ပေါ့စတစ် တွေ့တယ်ဆိုတော့လေ၊ ကျမတို့ ကျန်းမာရေးအခြေအနေက ပြည်သူတွေ စိုးရိမ်ပူပန်နေရသလိုမျိုး စိုးရိမ်စရာမရှိဘူး၊ အားလုံး အခြေအနေ တွေ ကောင်းတယ်၊ လက်ရှိလည်း ကျမတို့က ကျန်းမာရေးတွေ ကောင်းမွန်နေပါတယ်။"

တစ်နိုင်ငံလုံးမှာရှိတဲ့ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေအနေနဲ့ ဖေဖော်ဝါရီ ၁ ရက် လွှတ်တော် အစည်းအဝေးကို တက်ရောက်ဖို့၊ အခုဇန်နဝါရီလ ၂၄ ရက် နောက်ဆုံးထားပြီး နေပြည်တော်ကို အရောက်လာကြဖို့ လွှတ်တော်အသီးသီးက အကြောင်းကြားထားပါတယ်။

လွှတ်တော်အစည်းအဝေးတက်ဖို့လာတဲ့ ကိုယ်စားလှယ်တွေကို သူတို့တည်းခိုရမယ့် နေရာကို တိုက်ရိုက် မသွားခိုင်းဘဲ၊ နေပြည်တော် ဥတ္တရသီရိဟိုတယ်ဇုန်မှာ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီး ပိုးမတွေ့မှသာ တည်းခိုရမယ့်နေရာ စည်ပင်ဧည့်ရိပ်သာ ၂ ကို သွားခွင့်ပြုတာဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ပထမအကြိမ်စစ်ဆေးပြီး ပိုးမတွေ့တဲ့ ကိုယ်စားလှယ်တွေကိုတော့ ကန့်သတ်စောင့်ကြည့်စခန်းတွေမှာ တစ်ပတ်ကြာ စောင့်ကြည့်ပြီးတဲ့နောက်၊ ဒုတိယအကြိမ် ဆေးစစ်မှုကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထပ်လုပ်သွားမှာပါ။

အရွေးကောက်ခံ အရပ်သားကိုယ်စားလှယ်တွေအပြင် တတိယအကြိမ် လွှတ်တော်ကိုတက်ရောက်မယ့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေလည်း၊ နေပြည်တော်ကို ရောက်ရှိနေပြီး ကိုဗစ်ပိုး ရှိ၊ မရှိ ဆေးစစ်မှုတွေ လုပ်ထားပါတယ်။ သူတို့ထဲကတော့ တစ်ဦးမှ ရောဂါပိုး မတွေ့ရဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။

"စစ်ဆေးပြီးဖြစ်ပါတယ်။ ကျနော်တို့ အဲ့ဒီမှာတော့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတဲ့သူ မရှိပါဘူး။"

ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ကျင်းပမယ့် တတိယအကြိမ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌတွေ တင်မြှောက်တာ၊ သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်တာတွေကို လုပ်သွားမှာပါ။

နေပြည်တော်မှာ ဇန်နဝါရီ ၂၄ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၁၂၄၆ ဦးရှိပြီး၊ သေဆုံးသူက ၈ ဦး ရှိတယ်လို့ နေပြည်တော်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၂၄ ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၃၇,၅၇၄ ဦးရှိပြီး၊ သေဆုံးသူ ၃၀,၆၂ ဦး ရှိသွားပါပြီ။

မြန်မာနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ ၂၀၁၉ မတ်လနောက်ပိုင်းမှာလည်း ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေ ကျင်းပခဲ့ပေမယ့်၊ တိုင်းနဲ့ ပြည်နယ်အသီးသီးကနေ နေပြည်တော်ကို ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ ရောဂါပိုး မတွေ့ခဲ့ပါဘူး။

အခု ဒုတိယလှိုင်းစတင်ပြီး လအနည်းငယ်အကြာ၊ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတက်ဖို့ လာရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် လေးဦးအပါအဝင် စုစုပေါင်း ခြောက်ဦးမှာ ရောဂါပိုးတွေ့ရှိရတာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြည်သူအားလုံး ကျန်းမာရေးသတိရှိကြဖို့နဲ့ ကပ်ရောဂါအခြေအနေဟာ စိုးရိမ်ရဆဲဖြစ်ကြောင်း သတိပေး နှိုးဆော်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။