အာဏာသိမ်းပြီးနောက် မီးရှို့ခံရတဲ့နေအိမ် ခုနစ်သောင်းခွဲနီးပါးရှိလာ

အာဏာသိမ်း နှစ်နှစ်ခွဲအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက အရပ်သားတွေရဲ့ နေအိမ် ခုနစ်သောင်းခွဲနီးပါး (၇၄,၈၇၄လုံး) မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဩဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထိ စာရင်းတွေဖြစ်ပြီး ခုခံစစ်တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက နေအိမ် ၅၇,၅၀၃ လုံးနဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

မကွေးတိုင်းက နေအိမ် ၁၁,၀၂၆ လုံး၊ ချင်းပြည်နယ်က ၁၆,၃၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာလည်း မီးရှို့ဖျက်ဆီးခံရမှုတွေ ဆက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လတစ်လအတွင်းမှာတော့ နိုင်ငံတစ်ဝန်းက နေအိမ် ၂၀၈၆ လုံးမီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar အဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ဖြေဆိုထားပါတယ်။

စစ်ရေးပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့်လည်း မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ နှစ်သန်းနီးပါး (၁ ဒသမ ၉ သန်း ကျော်) ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဩဂုတ်လ ၁၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်ကြပါတယ်။