အာဏာသိမ်းကာလ နေအိမ်ပိုင်ဆိုင်မှု တစ်ထောင်ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ

RFA Burmese
2024.09.28
အာဏာသိမ်းကာလ နေအိမ်ပိုင်ဆိုင်မှု တစ်ထောင်ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ တောင်ငူမြို့ (NLD) ပါတီ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခ၏ ချိပ်ပိတ်ခံရသည့် နေအိမ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

အာဏာသိမ်းကာလအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၈၃၃ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံရပြီး ဆုံးရှုံးနစ်နာမှုပေါင်း တစ်ထောင်ကျော် (၁၀၁၄ ) ရှိတယ်လို့ NLD ပါတီက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦးနဲ့ ပါတီဝင် ၂၅၀ ဦး စုစုပေါင်း NLD ပါတီဝင် ၄၄၉ ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဆုံးရှုံးနစ်နာခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေထဲမှာတော့ အိမ်နဲ့ ခြံက ၈၂၆ ခု၊ လုပ်ငန်းပိုင်ဆိုင်မှုတွေက ၁၃၅ ခုနဲ့ ယာဉ်အစီးရေ ၅၃ စီးပါဝင်တယ်လို့ လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) က ဖော်ပြပါတယ်။

ဒီ့အပြင် NLD ပါတီရဲ့ ရုံးချုပ်ကနေ ရပ်ကျေးရုံးတွေအထိ တိုက်ခိုက်ခံရမှုတွေဟာလည်း ၁၆၅ ကြိမ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

HRDT-NLD ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ကောက်ယူတဲ့အဖွဲ့တစ်ခုဖြစ်ပြီး NLD ပါတီက တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

အာဏာသိမ်းကာလအတွင်း NLD ပါတီဝင် ၁၀၇ ဦးသတ်ဖြတ်ခံခဲ့ရပြီး လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ် ၅၇ နဲ့ NLD ပါတီဝင် ၁၅၄၄ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ HRDT-NLD ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။