အာဏာသိမ်းမှုကြောင့် ကလေးသန်းနဲ့ချီပြီး ပညာရေး၊ စားဝတ်နေရေး အခက်တွေ့

စစ်တပ်က အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ ကျော်အတွင်းမှာ စစ်ဘေးရှောင် မိခင်နဲ့ကလေး နှစ်သိန်း ရှစ်သောင်းနီးပါးဟာ ငွေကြေးထောက်ပံ့ဖို့ ခက်ခဲတာကြောင့် စားဝတ်နေရေး အခက်တွေ့နေပြီး၊ ကလေး ၁၂ သန်းနီးပါးကလည်း ပညာသင်ခွင့်တစ်နှစ် ထပ်မံဆုံးရှုံးမယ့် အနေအထားရှိနေတယ်လို့ ကုလသမဂ္ဂ နိုင်ငံ တကာကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF က ပြောကြားလိုက်ပါတယ်။

ဖေဖေဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ထွက်လာပြီး နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာခဲ့ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တောင်းဆိုနေတဲ့ ဆန္ဒပြပြည်သူတွေနဲ့ တစ်သားထဲရပ်တည်မယ်လို့ KNU တပ် မဟာ ၅ က မတ်လ ၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်၊ KNU တပ်မဟာ နယ်မြေအနီး တဝိုက် စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ တစ်သိန်းဝန်းကျင်ဟာ နေရပ် စွန့်ခွာထွက်ပြေးနေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။

IDP လို့ခေါ်တဲ့ တောထဲလှည့်လည်ပြီး ရွှေ့ပြောင်းနေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေထဲမှာ မိခင်နဲ့ကလေး၊ အမျိုးသမီးငယ်နဲ့ သက်ကြီးရွယ်အိုတွေက ၈၀ ရာခိုင်နှုန်းကျော် ပါဝင်နေတယ်လို့လည်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

တောတွင်းက ကလေးငယ်တွေမှာ ကျန်းမာရေး၊ ပညာရေး အားလုံးဆုံးရှုံးနေရပြီး ဆန်ပြုတ်သောက်နေရတဲ့ ကလေးငယ်တွေပါရှိနေတယ်လို့ KNU တပ်မဟာ ၅ နယ်မြေက စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦး က RFA ကို ပြောပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေကို စစ်ကောင်စီ တပ်က လေယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့ တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေထဲက ကလေး၊ လူကြီး ၂၀၀ ထက်မနည်း ဝမ်းရောဂါဖြစ်ပွားနေတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိမှာ မိုးရွာနေတာကြောင့်ရော သောက်သုံးရေသန့်မရှိတာကြောင့် ဝမ်းရောဂါဖြစ်တဲ့အတွက် ရေသန့် ရရှိနိုင်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့၊ စားသောက်ကုန်တွေပို့နိုင်ဖို့၊ နေထိုင်ရေး အထောက်ပံ့တွေ ပို့ပေးနိုင်ဖို့ စီစဉ်နေပြီး သယ်ယူပို့ဆောင်ရေးမှာလည်း အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ UNICEF၊ UNOCHA၊ UNHCR စတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကနေ ကချင်ဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီအထောက်အပံ့တွေ လျော့နည်းသွားတဲ့အတွက်၊ ဒေသဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကနေ ကြိုးစားထောက်ပံ့နေရတယ်လို့ ကချင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ “ကချင်နှစ်ချင်းခရစ်ယာန်အသင်းဂိုဏ်းချုပ်” က ဥက္ကဋ္ဌ ဒေါက်တာကလန်ဆမ်ဆွန် က ပြောပါတယ်။

အာဏာမသိမ်းခင်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်း ခန့်ရှိခဲ့ပြီး၊ အဲဒီထဲက တချို့နေရပ်ပြန်သွားကြပေမဲ့ တချို့ကတော့ အခုချိန်ထိ ဒုက္ခသည်စခန်းတွေမှာရှိနေဆဲ လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ကအာဏာသိမ်းပြီးမှ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနဲ့ အာဏာသိမ်း စစ်တပ်အကြား အသစ်ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့်၊ သုံးလအတွင်း စစ်ဘေးဒုက္ခသည်အသစ် သုံးထောင်ခန့် ထပ်တိုးလာတယ်လို့လည်း ဒေါက်တာကလန်ဆမ်ဆွန် က ပြောပြသွားပါတယ်။

လန်ဆမ်ဆွန် UNICEF အဖွဲ့ကြီးရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဌာနခွဲ၊ အရေးပေါ်ဌာန အကြံပေးအရာရှိ Marc Rubin က..

"မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို UNICEF က အလွန်အမင်း စိုးရိမ်ပူပန်ပါတယ်၊ ကလေးတွေအတွက် ကူညီဆောင်ရွက်နေတဲ့လုပ်ငန်းတွေဟာ နှောင့်ယှက်ဖြတ် တောက်ခံနေရပါတယ်၊ ကလေး တစ်သန်းနီးပါးက ပုံမှန်ထိုးနေကြ ကာကွယ်ဆေးတွေ မထိုးနိုင်ပါဘူး၊ ငါးသန်းနီးပါးက ဗိုက်တာမင် A ချို့တဲ့နေပါတယ်၊ ၁၂ သန်းနီးပါးက‌‌ နောက်ထပ် စာသင်နှစ်တစ်နှစ် ဆုံးရှုံးမယ့်အနေအထားနဲ့ ကြုံနေရပါတယ်၊ ကလေး လေးသောင်းကျော်က အဟာရချို့တဲ့မှုကြောင့် ဖြစ်တဲ့ရောဂါတွေအတွက် ကုသမှုမရကြပါဘူး၊ ၀ရုန်းသုန်းကားဖြစ်နေတဲ့ မိခင်နဲ့ကလေး နှစ်သိန်း ရှစ်သောင်းနီးပါးက ဆင်းရဲငတ်မွတ်မှုကနေ လွတ်အောင်ထောက်ပံ့ပေးနေတဲ့ ငွေကြေးတွေကို လက်ခံယူနိုင်တဲ့ အခွင့်အရေး ဆုံးရှုံးနေပါတယ်။" လို့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ RFA ကို ပြောကြား ခဲ့ပါတယ်။

ဒီကိစ္စတွေကို အလျင်အမြန် အရေးယူဆောင်ရွက်တာမျိုး မလုပ်ဘူးဆိုရင် ကလေးတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ပညာသင်ယူခွင့်အပိုင်းနဲ့ စီးပွားရေးဆိုင်ရာကိစ္စတွေမှာ အနှုတ်လက္ခဏာဆောင်တဲ့ ဆိုးကျိုးတွေကို ခံစားရပါ လိမ့်မယ်လို့လည်း Marc Rubin က သတိပေးထားပါတယ်။

ရန်ကုန်မြို့နေ မိခင်တစ်ဦးကတော့ အာဏာသိမ်းပြိး ရက် ၁၀၀ ကျော်ကာလမှာ၊ ရန်ကုန်မြို့က အခြေ အနေတွေ ပိုဆိုးလာတာကြောင့်၊ အပြင်မထွက်ဘဲ အိမ်ထဲနေတာတောင် ကိုယ့်လုံခြုံရေးကို စိတ်မချ ရတဲ့အတွက် သားသမီးကို ကျောင်းသွားထားဖို့ မစဉ်းစားရဲဘူးလို့ ပြောပါတယ်။

ကလေးတွေကို ကျောင်းအပ်ဖို့ နေနေသာသာ စားဖို့တောင်မရှိဘူးလို့ ရန်ကုန်မြို့ အင်းစိန်မြို့နေ ကလေး ငါးယောက်မိခင် ဒေါ်နုက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG “စီမံကိန်း၊ ဘဏ္ဍရေးနဲ့ ရင်းနှီးမြှုပ်နှံမှု” ဝန်ကြီး ဦးတင်ထွန်းနိုင် က သူတို့အစိုးရအနေနဲ့ နိုင်ငံတကာကရတဲ့အကူအညီတွေကို အာဏာသိမ်းမှုကြောင့် ထိခိုက်နစ်နာသူတွေအတွက် အဓိက ဦးစားပေးအနေနဲ့ သုံးစွဲသွားမယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ နိုင်ငံတကာကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF သာမက၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကလည်း “ကိုဗစ်-၁၉၊ စစ်အာဏာသိမ်းခြင်း၊ ဆင်းရဲနွမ်းပါးမှု ပိုမိုဆိုးရွား လာခြင်းနှင့် မြန်မာနိုင်ငံ၏ လူသားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုများ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစ်စောင်ကို မေလ ၄ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ ကိုဗစ် ၁၉ နဲ့ စစ်အာဏာသိမ်းခြင်းကနေ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှု ဘေးဒုက္ခတွေကို ကိုင်တွယ်ထိန်းချုပ်ခြင်း မရှိဘူးဆိုရင်၊ လက်ရှိအခြေအနေကနေ လူပေါင်း ၁၂ သန်းကို ဆင်းရဲတွင်းထဲကို တွန်းပို့လိမ့်မယ်လို့ သတိပေးထားပါတယ်။

ရလဒ်အနေနဲ့ လာမယ့် ၂၀၂၂ ခုနှစ် အစောပိုင်းမှာ၊ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူ ၂၅ သန်းဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်ရှိသွားနိုင်ကပြီး၊ အဲဒီဘေးဒုက္ခတွေရဲ့ ဆိုးကျိုးကို အမျိုး သမီးတွေနဲ့ ကလေးသူငယ်တွေ အများဆုံးခံစားရနိုင်ကြောင်း မေလ ၄ ရက်နေ့ထုတ် UNDP အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။