ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတက တာဝန်ရှိသူတွေကို မဖော်ထုတ်ပေးတာကြောင့် မုံရွာခရိုင် လက်ပန်းတောင်းတောင် ဒေသခံတွေက သမ္မတဦးသိန်းစိန်ကို တရားစွဲဆိုမှုအပေါ် ဆားလင်းကြီး မြို့နယ်တရားသူကြီးက မတ်လ ၁၁ ရက် ဒီကနေ့ပယ်ချလိုက်ပါတယ်။
မြို့နယ်တရားရုံးမှာ ပယ်ချခံရပေမယ့် မိမိတို့အနေနဲ့ ခရိုင်တရားရုံးမှာ ဆက်လက်အယူခံဝင်သွားမယ်လို့ ဒေသခံတွေနဲ့အတူ ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းပေးရေးလှုပ်ရှားဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသားများကွန်ရက်က ကိုသောင်းထိုက်က RFA ကို ပြောပါတယ်။
ဒေသခံတွေက သမ္မတဦးသိန်းစိန်ကို တရားစွဲဆိုဖို့ မတ်လ ၄ ရက်နေ့က ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့မြို့နယ်တရားရုံးက ပလပ်လိုက်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး လက်ပန်းတောင်းတောင် ဒေသခံတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးစောကျော်ကျော်မင်းကို RFA သတင်းထောက် မအိအိခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။