နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်၊ ကျောက်တံတားမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စသိန်းဇော် မင်း၊ စောစာကွယ်နဲ့ ဒေါ်စိန်ထွေးတို့ကို မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်လိုက်ပါတယ်။
၁၅ ရက်ထက်မနည်း ထိန်းသိမ်းခံနေရသူတွေ ဖြစ်တာကြောင့် ဒီနေ့မှာပဲ ပြန်လည်လွတ်မြောက်လာကြတယ်လို့ တရားရုံးကို သွားရောက်ဝန်းရံခဲ့တဲ့ စောအဲလ်ဘတ်ချိုက ပြောပါတယ်။
မဟာဗန္ဓုလပန်းခြံရှေ့မှာကျင်းပတဲ့ အဲဒီအခမ်းအနားနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀ နဲ့ တရား စွဲဆိုခဲ့တာဖြစ်ပါတယ်။
စီစဉ်သူတွေကတော့ အဲဒီအခမ်းအနားအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့ရာမှာ မနက် ၈ နာရီကနေ မွန်းလွဲ ၂ နာရီအထိ ကျင်းပဖို့ သဘောတူညီခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထူးကျော်ကတော့ ပွဲကျင်းပခွင့်ပြုခဲ့တာ မဟုတ်ဘဲ ကပ်ဘေးကာလအတွင်း လူစုလူဝေးမလုပ်ကြဖို့ ခေါ်ယူညှိနှိုင်းခဲ့ခြင်းသာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ကရင်အာဇာနည်နေ့ အခမ်းအနားကို ခွင့်ပြုချက်မရဘဲ ကျင်းပအပြီးမှာ အခမ်းအနား ဦးဆောင်ခဲ့ကြတဲ့ နော်အုန်းလှ၊ စသိန်းဇော်မင်း၊ စောအဲလ်ဘတ်ချို တို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မ ၂၀ နဲ့ ထောင်ဒဏ် ၁၅ရက်စီ ချမှတ်ခဲ့ပါသေးတယ်။
ကရင်ခေါင်းဆောင် စောဘဦးကြီး လုပ်ကြံခံရတဲ့ သြဂုတ်လ ၁၂ ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် နှစ်စဉ် သတ်မှတ်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
