ဦးဝင်းထိန်အမှု စွဲချက်တင်သင့် မတင်သင့် နောက်ရုံးချိန်းမှာ အမိန့်ချမည်

စစ်ကောင်စီက ဖမ်းဆီးပြီးတရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ရဲ့အမှုအတွက် နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်တရားရုံးမှာ ဒီနေ့ ဇူလိုင်လ ၉ ရက်မှာ ရုံးထုတ်ခဲ့ပါတယ်။

ဦးဝင်းထိန် စွဲဆိုခံထားရတဲ့ နိုင်ငံတော်အကြည်ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၂၄(က) အတွက် စွဲချက်တင်သင့် မတင်သင့်ကို ဒီကနေ့ရုံးချိန်းမှာ နှစ်ဘက်ရှေ့နေတွေက လျှောက်လဲချက်ပေးခဲ့ကြ တာပါ။

လာမယ့်အပတ်ရုံးချိန်းမှာတော့ စွဲချက်တင်သင့်၊ မတင်သင့်အမိန့်ကို တရားရုံးက ချမှတ်မှာဖြစ်တယ်လို့ ဦးဝင်းထိန်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက RFA ကိုပြောပါတယ်။

“စွဲချက်တင်မယ် သို့မဟုတ် မတင်ဘူးဆိုတဲ့အမိန့် ချဖို့အတွက်ပါ။ စွဲချက်မတင်ဘူးဆိုရင် တရားရှင် လွတ်မယ်။ တင်မယ်ဆိုရင် အမှုကိုဆက်လက်ပြီး စစ်ဆေးရမှာပါ။”

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းမှု တစ်ခုပြုလုပ်ခဲ့ပြီး ဦးဝင်းထိန်းက အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုခဲ့တာပါ။

ဒီအတွက် ဦးဝင်းထိန်ဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နေပြည်တော် ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဦးဝင်းထိန်vစွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၂၄(က) ဟာ အစိုးရကို မုန်းထားအောင်၊ မလေးစား အောင် လှုံ့ဆော်ရင် အရေးယူနိုင်တဲ့ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်အနှစ် ၂၀ ထိ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခုဖြစ်ပါတယ်။