တမူးနဲ့ ကလေးမြို့မှာ အိုမီခရွန်ပိုးတွေ့သူ ၇၀ ဦးကျော်ရှိလို့ ထုတ်ပြန်
Covid 19 မျိုးရိုးဗီဇပြောင်းပိုးဖြစ်တဲ့ အိုမီခရွန် (Omicron) ရောဂါပိုးရှိသူ ၇၂ ယောက်ကို စစ်ကိုင်းတိုင်း တမူးနဲ့ ကလေးမြို့မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
တမူးမြို့ ရပ်ကွက် ၁၃ က အသက် ၆၀ အရွယ် အမျိုးသမီးတစ်ယောက် ဇန်နဝါရီ ၂၉ ရက် ဒီနေ့မနက် ဆုံးသွားတဲ့အတွက် အားလုံးစိတ်ပူနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ တမူးမြို့ခံ တစ်ယောက်က ပြောပါတယ်။
“တမူးတစ်မြို့လုံး အဝင်အထွက်ပိတ်ထားတယ်။ လိုင်းကားတွေလည်း ပိတ်ထားတယ်။ ဒီမနက် အမျိုးသမီး တစ်ယောက် ဆုံးသွားတယ်။ သူဆို လက္ခဏာလည်း မပြဘူး၊ ကိုဗစ်ကြောင့်လို့တော့ ပြောနေကြတယ်။ ညကမှ နေမကောင်းလို့ ဆေးရုံကို သွားပြ လိုက်တာ၊ ဆုံးသွားတယ်။ ပြန်မသယ်ရဘဲ သင်္ဂြိုဟ်လိုက်တယ်”
အဲဒီအမျိုးသမီးဟာ ဇန်နဝါရီ ၂၈ ရက်ညက နေမကောင်းလို့ ဆေးရုံသွားပြရာကနေ သေဆုံးခဲ့ရာ အိုမီခရွန်ကြောင့်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အိုမီခရွန်ပိုးတွေ့သူ ၇၂ ယောက်ဟာ တမူးမြို့က ၄၈ ယောက်၊ ကလေးမြို့က ၂၀ ဖြစ်ပြီး အဲဒီဒေသကို ရောက်လာမှ ထပ်မံကူးစက်ခံရသူ သုံးယောက်နဲ့ သံသယလူနာထဲက တစ်ယောက်လို့ ဆိုပါတယ်။
အရင်က ပြည်ပကနေ ပြန်လာတဲ့သူတွေမှာသာ အိုမီခရွန်ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး အခုဆိုရင် ပြည်တွင်းကူးစက်မှုအနေနဲ့ ပထမဆုံးအကြိမ် တွေ့ရှိတာလို့ ထုတ်ပြန်ပါတယ်။
တမူးမြို့ထဲက စားသောက်ဆိုင်တွေကိုလည်း လတ်တလောမှာ ပိတ်ခိုင်းထားပြီး ပါဆယ် စနစ်နဲ့သာ ရောင်းချခွင့်ပြုထားပြီး ကလေးမြို့က ခရီးသည်တင်လိုင်းကားတွေကိုလည်း ဇန်နဝါရီ ၂၆ ရက်ကစပြီး ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ရောဂါပိုးတွေ့သူတွေကို သီးသန့်ထားရှိပြီး သူတို့ရဲ့ကျန်းမာရေးအခြေနေ ကောင်းမွန်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဇန်နဝါရီ ၂၈ ရက် မနေ့ကအထိ မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုးတွေ့ရှိသူ စုစုပေါင်း ၂၈၃ ယောက်ရှိနေပြီလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။