KIA ထိန်းချုပ်နယ်မြေမှာ ကိုဗစ်ပိုး စတွေ့

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်တဲ့ ကချင်ပြည်နယ်တွင်းက မိုင်ဂျားယန်ဒေသမှာ ကိုဗစ် ပိုးတွေ့လူနာတွေ စတင်တွေ့ရှိတယ်လို့ KIA က ဗိုလ်ချုပ် ဂွမ်မော်က ဒီကနေ့ ပြောပါတယ်။

ရောဂါကူးစက်ခံရသူ ဘယ်နှစ်ယောက်တွေ့တာလဲဆိုတာကိုတော့ ဗိုလ်ချုပ် ဂွမ်မော် က မပြောပါဘူး။

ဒါကြောင့် အဲဒီဒေသက ကျောင်းသားတွေ၊ မိဘတွေအနေနဲ့ သတိထားကြဖို့လည်း ဗိုလ်ချုပ် ဂွမ်မော် က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် မှာကြားပါတယ်။

ကိုဗစ်လူနာ တွေ့ရှိပြီးတဲ့နောက် မိုင်ဂျားယန်မြို့ကို မြို့အဝင်အထွက်ပိတ် (lock down) ချထားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာတော့ ကိုဗစ်ကူးစက်ခံရသူ လုံးဝမရှိဘူးလို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIO ထိန်းချုပ်နယ်မြေအတွင်း လူ ၂၂၈၄၀ ယောက်ကို ကိုဗစ် ကာကွယ်ဆေး ထိုးထားပေးနိုင်ပြီး နောက်ထပ်လည်း ဆေးထိုးမယ့်လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။