ပြည်သူရွေးချယ်ထားတဲ့အဖွဲ့တွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ CRPH ထုတ်ပြန်

မြန်မာ့အရေးကိစ္စရပ်တွေအတွက် လူထုက မဲပေးရွေးချယ်ထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တရားဝင်အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း CRPH က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဖိတ်ကြားမှုနဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်ကို ရည်ရွယ်ပြီး CRPH က သဘောထား ထုတ်ပြန်တာပါ။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အပေါ် ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံမှုအပေါ် မြန်မာပြည်သူတွေ ဒေါသထွက်နေတာကြောင့် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ တည်ရှိပြီးဆက်ဆံရေးကောင်းတွေ နဲ့ နှစ်နိုင်ငံပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုတွေကို ထိန်းသိမ်းသွားဖို့လိုတယ်လို့လည်း CRPH က ဆိုပါတယ်။

ဒါကြောင့် ၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဟွန်ဆန် အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘော ထားနဲ့ ဒီမိုကရေစီအတွက် ကြိုးပမ်းအားထုတ်မှုတွေကို လေးစားလိုက်နာဖို့ အထူးတိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်နေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ မြန်မာပြည်သူတွေအတွက် အကျိုးတစ်စုံတစ်ရာမရှိနိုင်ဘူး လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ခရီးစဉ်အတွင်း အာဆီယံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်နဲ့ ပတ်သက်တာတွေ ထည့်သွင်းဆွေးနွေးဖို့ ရှိတယ် ပြောဆိုထားပါတယ်။