၂ဝဝ၈ ဖွဲ့စည်းပုံ အပြီးဖျက်သိမ်းကြောင်း CRPH ကြေညာ

စောဖိုးခွား
2021.03.31
၂ဝဝ၈ ဖွဲ့စည်းပုံ အပြီးဖျက်သိမ်းကြောင်း CRPH ကြေညာ ၂၀၂၁ မတ်လ ၃ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြစဉ်။
Photo: RFA

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဒီနေ့ ကြေညာလိုက်ပါတယ်။

ဒီဖွဲ့စည်းပုံဟာ စစ်အာဏာရှင် သက်ဆိုးရှည်အောင် ရည်ရွယ်ရေးသားထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တဲ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးကို ဟန့်တားနေတဲ့ ဥပဒေဖြစ်တယ်လို့ CRPH ရဲ့ ကြေညာချက်မှာဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းလိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ဒီဥပဒေဟာ ပျက်ပြယ်သွားခဲ့ပြီး ဒီနေ့ အပြီးသတ်ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ… တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ဖို့အတွက် "ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်" (Federal Democracy Charter ) တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒီနေ့မတ်လ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

စာမျက်နှာ ၂၀ ပါဝင်တဲ့ ဒီပဋိညာဉ်မှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ CDM နဲ့ အရပ်ဖက်အင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်ပြီး၊ ပဋိညာဉ် လုပ်ငန်းစဉ်တွေ အခြေခံမူတွေကို အသေးစိတ် ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ မဖွဲ့စည်းခင်မှာ ခေတ္တ ဒု-သမ္မတမန်းဝင်းခိုင်သန်း ဦးဆောင်တဲ့ ပြည်သူ့အစိုးရအဖွဲ့က နိုင်ငံတော် အုပ်ချုပ်ရေးတာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားမယ်လို့ လည်း CRPH က ပြောပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရ NLD အစိုးရသက်တမ်း ကုန်ဆုံးတဲ့ မတ်လ ၃၁ ရက် ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" ကို ထုတ်ပြန်ကြေညာပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။