အလုပ်သမားတွေ ဆန္ဒပြ

2019-02-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အလုပ်သမားတရားရုံး ပေါ်ပေါက်ဖို့၊ မန္တလေးတိုင်းမှာ အလုပ်သမားဝန်ကြီး ခန့်အပ်ပေးဖို့၊ လွတ်လပ်တဲ့ အသင်းအပင်းဖွဲ့စည်းခွင့်ရှိဖို့တို့ကို အလုပ်သမား ၅၀၀ လောက်က ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဆန္ဒပြပွဲအတွက် ဦးဆောင်သူတွေဟာ ခွင့်ပြုမိန့်တင်ပေမယ့် ဆန္ဒပြခွင့်တင်သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ဟာ မန္တလေးတိုင်းက မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့က ခွင့်ပြုချက် မပေးဘူးလို့ သိရပါတယ်။

ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြတဲ့အတွက် အရေးယူမှုတွေ ပြုလုပ်သွားမယ့်အကြောင်း ဒီနေ့မနက်က ဆန္ဒပြနေစဉ်မှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ဆန္ဒပြသူတွေကို ပြောကြားခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM နဲ့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့က ဦးဆောင်တာဖြစ်ပါတယ်။

အလုပ်သမားရေးရာကိစ္စတွေကို အစိုးရနဲ့ လွှတ်တော်က အာရုံစိုက်ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော်ကြတာဖြစ်တယ်လို့ သိရပါတယ်။

“ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေပြဌာန်းတဲ့အခါမှာလည်း အလုပ်သမားအဖွဲ့ရဲ့ သဘောထားမပါဝင်ခဲ့ပါဘူး။ အလုပ်သမားရေး အငြင်းပွားမှုဖြေရှင်းရေးမှာလည်း အကြံပြုထားတာတွေ မပါတာတွေ့ရတယ်။အလုပ်သမား အဖွဲ့ခေါင်းဆောင်တွေကို အလုပ်ထုတ်ခံရတာများလာတယ်၊ ဒါတွေကို ဖြေရှင်းဖို့ အခုလို ဆန္ဒထုတ်ဖော် တာဖြစ်ပါတယ်“

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင် က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ပြည်ကြီးတံခွန်မြို့နယ်၊ အေးသုခလမ်းကနေ မနော်ရမ္မံ ဟစ်တိုင်ကွင်းအထိ ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် ရဲ့တပ်ဖွဲ့ရဲ့ တားမြစ်ချက်ကြောင့် မနော်ရမ္မံကွင်း မရောက်ခင်မှာ ရပ်နားပြီး ဟောပြောခဲ့ကြပါတယ်။

ဆန္ဒပြသူတွေ စီတန်းလှည့်လည်ခဲ့တဲ့ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်တို့က အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ ဒေသန္တရ အမိန့်အရဆိုကာ သုံးကြိမ်တိုင်တိုင် တားမြစ်ခဲ့ကြပါတယ်။

မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က အခုလိုတားမြစ်ခဲ့ပါတယ်။

“မြို့နယ်က ကြိုတင်သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ကြိုတင်ရှင်းပြပြီးပါပြီ။ မနော်ရမ္မံကွင်းမှာ ဈေးပွဲတော်လုပ်နေတဲ့ကာလဖြစ်လို့ ဒီနေရာကနေ ငြိမ်းချမ်းစွာ လူစုခွဲပြီးပြန်ဖို့ တောင်းပန်ပါတယ်။ လူစုခွဲ့ပြီး ငြိမ်းချမ်းစွာ ပြန်ဆုတ်သွားပါ“

တရားမဝင် ဆန္ဒထုတ်ဖော်ခဲ့သူတွေကို ဥပဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ၊ ဒုတိယရဲမှူးကြီး မျိုးအောင် က RFA ကိုပြောပါတယ်။

နိုင်ငံသားတစ်ယောက်က လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ ပြောဆိုခွင့်မရှိဘူးဆိုရင် နိုင်ငံရဲ့ ဒီမိုကရေစီဆိုတာကို မေးခွန်းထုတ်ဖို့ဖြစ်နေပြီလို့ ခွင့်ပြုမိန့်တင်ခဲ့သူ အလုပ်သမား ကိုနေလင်းအောင် က ပြောပါတယ်။

“မန္တလေး မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေမဟုတ်လို့ ခွင့်မပြုဘူးပြောတယ်။ ဆွေးနွေးတယ်။ ဒီအခွင့်အရေးရသင့်လို့ ခွင့်ပြုပေးဖို့ ပြောခဲ့ပေမဲ့ သက်ဆိုင်ရာက မလိုက်နာရင် ခွင့်မပြုဘူးပြောတယ်။ ငြိမ်းစုစီဥပဒေမှာ အကြောင်းကြားရန်ပဲ တာဝန်ရှိပါတယ်။ ခွင့်ပြုမိန့်စောင့်ရန် မရှိဘူးလို့ ပြောခဲ့ပါတယ်“

ဆန္ဒပြပွဲမှာ အလုပ်သမားတရားရုံးတွေပေါ်ပေါက်ဖို့၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ရရှိဖို့၊ အလုပ်သမားဝန်ကြီး ခန့်အပ်ပေးဖို့၊ အလုပ်သမားဥပဒေတွေကို ILO စံနှုန်းနဲ့အညီ ပြင်ဆင်ဖို့၊ အထူးစီးပွားရေးဇုန်လုပ်သားတွေ၊ ဆောက်လုပ်ရေး လုပ်သားတွေနဲ့ နိုင်ငံံ့ဝန်ထမ်းတွေ ဥပဒေရဲ့အကာအကွယ်ရရှိဖို့ တို့ကို တောင်းဆိုခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

ဆိုက်တခုလုံးသို့