ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ မိုးကြီးမြေပြိုနိုင်
2024.09.07
မုန်တိုင်း ရာဂီ (YAGI) အရှိန်ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းက စလို့ မိုးများလာနိုင်ပြီး ရေကြီးတာ၊ မြေပြို၊ တောင်ပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ အရပ်ဖက်မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလည်း မိုးများပြီး ချင်းတွင်းမြစ်ရေတက်နိုင်သလို နေပြည်တော်၊ မိတ္ထီလာနဲ့ မန္တလေးအထက်ပိုင်းမှာ မိုးများနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၁ ကနေ ၁၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ဘက်မှာ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေထပ်ဖြစ်လာနိုင်တယ်လို့လည်း ဦးဝင်းနိုင် က ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေကတော့ အထက်ပိုင်းက မြစ်ရေတွေ ဆင်းလာမှာကို စိုးရိမ်ရတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကတော့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ စက်တင်ဘာ ၈ ရက်မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီး နိုင်ကြောင်း၊ ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေလောက်အထိ ရှိနိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။