ဒိုက်ဦး အထက (၁) မှာ ဗုံးလန့်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနားမှာ ဒီနေ့မနက်ပိုင်းက ဗုံးလို့ယူဆရတဲ့ အထုပ်တစ်ထုပ်ကိုတွေ့ရှိခဲ့ပြီး စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနဲ့ ဒိုက်ဦးမြို့ရဲတပ်ဖွဲ့ဝင်တွေက ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ဒိုက်ဦး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနဲ့ မူလတန်းကျောင်းအကြားကွက်လပ်မှာ တိပ်နဲ့ပတ်ထားတဲ့ အနက်ရောင်ကြွပ်ကြွပ်အိတ်အထုပ်ကို ဒီနေ့ မနက် ၉ နာရီက စတွေ့ခဲ့တာလို့သိရပါတယ်။

မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ဒိုက်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုးမိုးက RFA ကို အခုလို ပြောပါတယ်။

“ တွေ့တဲ့သူကသတင်းပေးလို့ ကျွန်တော်တို့ သွားကြည့်တာလေ၊ သွားကြည့်တဲ့အချိန်မှာ ကြွပ်ကြွပ်အိတ်အနက်နဲ့ ထည့်ထားတယ်၊ အိတ်အနက်တွေနဲ့ အကုန်လုံးထည့်ထားတယ်၊ ကျွန်တော်တို့ အဖွဲ့တွေက သက်ဆိုင်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ရော၊ ရဲမှူးတို့ရော အကုန်လုံးရောက်လာပြီးတော့ နောက်ဆုံးတော့ သက်ဆိုင်တဲ့ စစ်ဆေးရေးအဖွဲ့တွေကို လှမ်းခေါ်ပြီးတော့ စစ်ဆေးတယ်၊ အဲ့မှာ သူကဆေးဗူးအခွံကို တိတ်နဲ့ ပတ်ထားတာ ၁ နာရီနဲ့ ၇ မိနစ်မှာ ရှင်းလို့ပြီးသွားတယ်”

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့ကို ဒီနေ့ နေ့လည်ပိုင်းက RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ရှိသူတွေ အဲဒီနေရာကို သွားရောက်စစ်ဆေးနေကြောင်းသာ ပြောပါတယ်။

ဒီနေ့ ဗုံးလန့်မှုဖြစ်ခဲ့တဲ့အချိန်ဟာ အလယ်တန်းကျောင်းသားတွေ ပထမအစမ်းစာမေးပွဲ နောက်ဆုံးရက်ဖြေဆိုနေချိန်ဖြစ်ပြီး၊ စာမေးပွဲဖြေဆိုနေတာကို ခေတ္တရပ်နားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီနေ့နေ့လည်ပိုင်းမှာတော့ ဒိုက်ဦးမြို့မှာ လုံခြုံရေးတိုးမြင့်ချထားတယ်လို့ သိရပါတယ်။

ဒီနေ့ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့ အဲဒီအထက်တန်းကျောင်းတဝိုက်ဟာ မနက်ဖြန်မှာကျရောက်မယ့် သီတင်းကျွတ်လပြည့်နေ့မှာ ဆီမီး ၉၀၀၀ ပူဇော်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့နေရာလို့လည်း သိရပါတယ်။