အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ် မှာပြုလုပ်တဲ့ အဲ့ဒီဆွေးနွေးပွဲမှာ အခြေခံဥပဒေပြင် ဆင်ရေး၊ ကျောင်းသားသပိတ်ဖြိုခွဲခံရမှု၊ ၂ဝ၁၅ ခုနှစ်အတွင်း ကြုံတွေ့ရမယ့်အခြေအနေ၊ ဒီမိုကရေစီ အင်အားစုတွေအကြား ပိုမိုညီညွတ်ရေးနဲ့ တိုင်းရင်း သားတွေနဲ့ ပိုမိုပူးပေါင်းရေးကိစ္စတွေကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ ၈၈ အဖွဲ့ဝင် ကိုမြအေး က RFA ကိုပြောပါတယ်။
"ကျနော်တို့ဒီနေ့တွေ့တော့ဗျာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျေမီ၊ ကိုထွန်းမြင့်အောင်နဲ့ ကျနော်ပေါ့နော် အန်တီစုနဲ့တွေ့ပါတယ် ၊ နေပြည်တော်မှာ တွေ့တယ်ပေါ့၊ ကျနော် တို့ ဆွေးနွေးတဲ့အကြောင်းအရာကတော့ဗျာ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအခြေအနေ နောက်တစ်ခုက အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်း လဲရေး ကျောင်းသားဆန္ဒပြတာ အကြမ်းဖက်နှိမ်နှင်းတဲ့အပေါ် ကျနော်တို့အမြင်တွေ နောက်တစ်ခါ ကျနော်တို့ ဒီကြုံတွေ့ရမယ့်အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့နဲ့ ၈၈ နဲ့ NLD နဲ့ နီးနီးကပ်ကပ် ဆက်ဆံပြီးတော့မှ ရှေ့လျှောက်သွားဖို့ကိစ္စရပ်တွေကို ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်ဗျ"
ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရတဲ့ကိစ္စအတွက် ၈၈ မျိုးဆက်အဖွဲ့အနေနဲ့ ကြေညာချက်ထုတ်ပြန် ဝေဖန်နေ ရုံမျှမကပဲ၊ လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တချို့ လုပ်ကိုင်နေတယ်လို့လည်း ကိုမြအေးက ပြောပါတယ်။
ဆွေးနွေးပွဲမှာ ၈၈ အဖွဲ့ဘက်က ကိုမင်းကိုနိုင်နဲ့အတူ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုထွန်းမြင့်အောင်တို့ ပါဝင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဖက်က ကိုဇေယျာသော် ပါဝင်ပါတယ်။
