ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ပြန်ရောက်

မြန်မာနိုင်ငံဟာ လက်ရှိကာလမှာ အခက်ခဲဆုံး အချိန်ကို ကျော်ဖြတ်နေရတာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်အောင် ညီညီညွတ်ညွတ်နဲ့ လက်တွဲ ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စုကနေ မနေ့ညက ပြန်လည် ရောက်ရှိလာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထောင်နဲ့ချီ ကြိုဆိုကြတဲ့ လူထုကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှေ့မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

2012-10-05
Share
dassk-arrival-airport-305 ၂ဝ၁၂ အောက်တိုဘာလ ၄ ရက်နေ့ညက အမေရိကန် ပြည်ထောင်စု ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မင်္ဂလာဒုံလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြစဉ်။
RFA

"ပြောချင်တာက အားလုံး ညီညီညွတ်ညွတ်နဲ့ ဆက်ပြီး လုပ်စရာတွေ ရှိတယ်။ အခု အခက်အခဲဆုံး ကာလကို ကျော်ဖြတ်ရမယ်။ ပင်ပင်ပမ်းပမ်းနဲ့ ကြိုးစားလို့ရှိရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ်။ ဒီအချိန်က ထိုင်နေလို့ ရတဲ့အချိန် မဟုတ်ဘူး၊ ဒူးနှံ့နေလို့ ရတဲ့အချိန် မဟုတ်ဘူး။ အများကြီး အလုပ်လုပ်ရမယ့် အချိန်ပါလို့ ပြောပါရစေ"

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုကို သီတင်းပတ် သုံးပတ်ကြာလောက် သွားရောက် လည်ပတ်ခဲ့ပြီး မနေ့ည ၁ဝ နာရီလောက်မှာ ကိုးရီးယား လေကြောင်းလိုင်းနဲ့ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီဝင်တွေ၊ အနုပညာရှင်တွေ အပါအဝင် ပရိသတ် ၂ ထောင်ကျော်က သွားရောက် ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း သမ္မတအိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ဖို့ နယူးယောက်မြို့မှာ ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အစရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အမေရိကန်ရောက် မြန်မာမိသားစုတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံခဲ့သလို အရပ်သားတွေကို ချီးမြှင့်တဲ့ အမေရိကန် လွှတ်တော်ရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကိုလည်း လက်ခံရယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့