ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှုအတွက် တရားလိုပြသက်သေတွေ စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ငါးမှုထဲက သုံးမှုအတွက် တရားလိုပြသက်သေအချို့ကို နေပြည်တော်က အထူးတရားရုံးမှာ ဇန်နဝါရီလ ၇ ရက် ဒီနေ့မှာ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ အဂတိအမှုတွေထဲက ရာဇတ်ကြီးအမှုအမှတ် ၃၊ ၄နဲ့ ၅ အမှုတွေအတွက် တရားလိုပြသက်သေ နှစ်ဦးဖြစ်တဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဦးနေမျိုးအောင်နဲ့ နေပြည်တော်စည်ပင် မြေယာ ဦးစီးဌာနက ဦးအောင်မျိုးဦးတို့ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို မီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့်မပြုဖို့ စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် စစ်ဆေးချက် အသေးစိတ်ကိုတော့မသိရသေးပါဘူး။

ရာဇတ်သကြီးအမှု အမှတ် ၃ ဟာ နေပြည်တော် ဥတ္တရသီရီမြို့နယ်က လရောင်တောနေရာမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေဧက ၁၀၀ ကျော်ယူတယ်ဆိုပြီး စွပ်စွဲထားတဲ့အမှုဖြစ်ပြီး အမှုအမှတ် ၅ ကတော့ အဲဒီလရောင်တောမှာပဲ ဒေါ်အောင်ဆန်းစုကြည်နေဖို့ အိမ်တစ်လုံးကို အများပြည်သူလှူဒါန်းငွေနဲ့ ဆောက်လုပ် တယ်ဆိုတဲ့ စွပ်စွဲချက်တဲ့ စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

အမှုအမှတ် ၄ ကတော့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ထဲမှာ မြေဧက ၂၉ ဧကကိုယူတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်နဲ့ ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

အမှုတွေကို ဇန်နဝါရီလ ၁၄ ရက် နောက်တစ်ပတ်သောကြာနေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။

အဲဒီအထဲက သဘာဝဘေးစီမံ ဥပဒေ ပုဒ်မ - ၂၅ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အမှုတွေအတွက် ဒီဇင်ဘာ ၆ ရက်မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရပြီး စစ်ကောင်စီက ၂ နှစ်ပြန်လျှော့ပေးထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိအမှု ၂ ခုနဲ့လည်း ထပ်တိုး တရားစွဲဖို့ စစ်ကောင်စီဘက်က စီစဉ်နေပါတယ်။