သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ တွေ့ဆုံ

မြန်မာ နိုင်ငံမှာ အလည်အပတ်ရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Robert “Bob” Carr ဟာ သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် တို့နဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးကို လွှတ်တော် အဆောက်အအုံဝင်းအတွင်းက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရုံးခန်းမှာ ဇူလိုင် ၁၀ ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပါတယ်။ Photo:RFA/Myo Thant Khine

မြန်မာ နိုင်ငံမှာ အလည်အပတ်ရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Robert “Bob” Carr ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံပြီး  မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှု ပေးရေး နဲ့ ရင်းနှီး မြှုပ်နှံမှု ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Robert “Bob” Carr ဟာ  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒီကနေ့ နေ့လည်ပိုင်းက  ပြည်သူ့လွှတ်တော်ဝင်း အတွင်းမှာရှိတဲ့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်တီရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

သူတို့ နှစ်ဦးအဲဒီလို တွေ့ဆုံကြရာမှာ အဓိက အားဖြင့် လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး နဲ့ အဖွဲ့ဟာ နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ ဝန်ကြီး ဦးစိုးသိန်း တို့ကိုလည်း သီးခြားသွားရောက် တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org