တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်တဲ့စနစ် မျိုးဖြစ်အောင် ပြင်ဆင်ပေးဖို့တာဝန်ဟာ လွှတ်တော်အလုပ်ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ဒီနေ့မနက်က ချင်းပြည်နယ်ကို ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထန်တလန်မြို့မှာ နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ချင်းအမျိုးသားပါတီ ထန်တလန်မြို့နယ် ဥက္ကဋ္ဌ ဦးလှိုင်မောင်စိုးက တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေထဲကနေ သက်ဆိုင်ရာ လွှတ်တော်မှာပဲ ရွေးချယ်ခွင့်ပေးဖို့ တောင်းဆိုရာမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA ၃ နှစ်ပြည့် အခမ်းအနားမှာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် အများစုကနေ ရွေးချယ်သင့်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီလို တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို အနိုင်ရပါတီတွေက ရွေးချယ်ဖို့နဲ့ အစိုးရဖွဲ့ခွင့်ပေးဖို့ကိုလည်း ၂၀၁၅ ရွေးကောက်ပွဲအပြီးကာလမှာ တိုင်းရင်းသားပါတီတွေက ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို တောင်းဆိုခဲ့ကြ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထန်တလန်မြို့နယ်၊ သီကိရ်ကျေးရွာမှာရှိတဲ့ သီကိရ် ရေလှောင်တမံဖွင့်ပွဲကို တက်ရောက်ခဲ့သလို ညနေပိုင်းမှာ ချင်းပြည်နယ် မြောက်ပိုင်းက ခရီးသွားဧည့်သည်တွေ အများဆုံးသွားရောက် လည်ပတ်လေ့ရှိတဲ့ ရိခ်ရေကန်ကို သွားရောက်ခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ချင်းပြည်နယ်ခရီးစဉ်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး ဖလမ်း၊ တီးတိန်၊ တွန်းဇံ စတဲ့ မြို့တွေကို သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ NLD အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင်မှာ လစ်လပ်မဲဆန္ဒနယ်ဖြစ်တဲ့ ကန်ပက်လက်မြို့ကို သွားရောက်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
