ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်လေးနှစ် ထပ်မံချမှတ်ခံရ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့အမှု ၁၁ ခုထဲက နောက် ထပ် သုံးမှုအတွက် ထောင်ဒဏ်လေးနှစ်ကို နေပြည်တော် အထူးတရားရုံးကနေ ဇန်နဝါရီ ၁၀ ရက် ဒီနေ့မှာ ချမှတ်လိုက်ပါတယ်။ ဒါဟာ ပထမတစ်ကြိမ်က ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရတဲ့အတွက် ဒီနေ့ အမိန့်နဲ့ ပေါင်းရင် စုစုပေါင်း အမှု ငါးခုအတွက် ထောင်ဒဏ် ခြောက်နှစ်ရှိသွားပါပြီ။

ဒီနေ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ စွပ်စွဲချက်တွေကတော့ စစ်တပ်အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိမ်ကနေ Walkie-Talkie စကားပြောစက်နဲ့ တယ်လီဖုန်းလိုင်း ဖြတ်တောက်စက် Jammer တွေ့လို့ဆိုတဲ့ အပေါ် တရားစွဲထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ အတွက် ထောင်ဒဏ် နှစ်နှစ်၊ ဆက်သွယ်ရေးပုဒ်မ-၆၇ အတွက် တစ်နှစ် စုစုပေါင်း သုံးနှစ်ချတာဖြစ်ပါတယ်။

အဲဒီ အမိန့်နှစ်ရပ်ကို တစ်ပေါင်းတည်းကျခံဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ထောင်ဒဏ် နှစ်နှစ်ဖြစ်သွားပါတယ်။ အဲဒီနောက် ကိုဗစ်ကာလ သတ်မှတ်ချက်ဖြစ်တဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ-၂၅ အတွက် နှစ်နှစ် အမိန့်ချပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် လေးနှစ်ကျခံဖို့ နေပြည်တော် အထူးတရားရုံးက ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ အမိန့်ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ - ၅၀၅ (ခ) နဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ပုဒ်မ-၂၅ အတွက် ထောင်ဒဏ် လေးနှစ် ချမှတ်ခံရပြီး စစ်ကောင်စီ ခေါင်းဆောင်က ထောင်ဒဏ် နှစ်နှစ် ပြန်လျှော့ပေးထားတဲ့အတွက် ပထမအကြိမ်က ထောင်ဒဏ် နှစ်နှစ်ချခံထားရပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ချလိုက်တဲ့ ထောင်လေးနှစ်နဲ့ပေါင်းရင် အမှုငါးခုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ် ခံရတာဖြစ်ပါတယ်။

"သူတို့က ဒီလိုလုပ်ဖို့ အတွက်ကို ကြိုတင် ကြံစည်ပြီးတော့ အရင်ဖမ်းတယ်။"

ဒီနေ့ ထောင်ဒဏ် ချမှတ်လိုက်တဲ့အမှုနဲ့ ပတ်သက်လို့ စကားပြောစက်နဲ့ ဖုန်းလိုင်း ဖြတ်စက်တွေဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကနေ သိမ်းဆည်းရမိတာ မဟုတ်တဲ့အကြောင်း ရှေ့နေတွေက ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ ခုခံချေပခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အဲဒီပစ္စည်း တွေကို သူတစ်ခါမှ မသုံးဖူးသလို သူ့အိမ်ပေါ်က မိတာမဟုတ်ဘူးလို့ ထွက်ဆိုခဲ့ပြီး ဖြစ်ပါတယ်။

အခု ဆုံးဖြတ်ချက်တွေဟာ တရားမျှတမှုမရှိဘဲ တရားရုံးတွေက စစ်ကောင်စီ အလိုကျ စီရင်နေတာလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးကျော်ထွေး က ဝေဖန်ပါတယ်။

“တရားရုံးတွေရဲ့ အမိန့်အရ တရားဝင်မှု ရှိတယ် မရှိဘူးဆိုတာထက် တရားသူကြီးတွေရဲ့ စီရင်ထုံးတွေ စီရင်ဆုံးဖြတ်မှုတွေက မျှတမှုမရှိတာတော့ ပြောလို့ရပါတယ်ဗျ။ သူတို့က ဒီလိုလုပ်ဖို့ အတွက်ကို ကြိုတင် ကြံစည်ပြီးတော့ အရင်ဖမ်းတယ်။ ဖမ်းပြီးတော့မှ အမှုတွေ တည်ဆောက်ပြီးစွဲတယ်။ တရားရုံးတွေ တရားသူကြီးတွေကလည်း တရားဥပဒေအတိုင်း မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် စီရင်ရမယ့်အစား စစ်ကောင်စီလိုကျ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် သူတို့ ဒီအချိန်မှာ တရားမဲ့ ပေါ့နော်။ လုပ်ချင်တာ လုပ်နေကြတာပဲ”

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေ ငါးယောက်စလုံးကို အမှုနဲ့ပတ်သက်ပြီး မီဒီယာ တွေကို မပြောဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ပိတ်ပင်ထားတာကြောင့် ဒီနေ့ တရားရုံးက စီရင်ချက် အသေးစိတ်ကို အတိအကျ မသိရသေးပါဘူး။

စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ တရားဥပဒေအရ အကြောင်းအရာခိုင်လုံတဲ့ အမှုတွေအတွက်တော့ တရားစီရင်ခြင်း ခံရမယ်လို့ RFA ကို ပြောပါတယ်။

“သူတရားဥပဒေအရ အကြောင်းအရာ ခိုင်လုံတဲ့ဟာတွေ တရားဥပဒေအရ စွဲချက်အရ ခိုင်လုံတဲ့ဟာတွေ ကတော့ တရားစီရင်ခြင်း ခံရမှာဖြစ်ပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးလို့ ကျနော်တို့ ပြောချင် ပါတယ်။ ကျနော်တို့ သိသလောက်ကတော့ ယခင်တုန်းကအတိုင်း ယခင် ထုတ်ပြန်ချက်ထဲမှာလည်း ထုတ်ပြန်ပြီးသားရှိတယ်။ လက်ရှိနေရာမှာပဲ ကျခံစေလို့ ကျနော်တို့ပြောပြီး ဖြစ်ပါတယ်”

စစ်ကောင်စီရဲ့ဒီလုပ်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲထားတဲ့ မမှန်ကန်တဲ့ အမှုတွေကို စစ်ကောင်စီရဲ့ လျှို့ဝှက် တရားရုံးက အမိန့်တွေထပ်ချနေတာဟာ ကြိုတင်ဖန်တီးထားတဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်။ ဒါမှသာ သူဟာ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ကို နိုင်ငံရေးအရ အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ စစ်ခေါင်းဆောင်တွေက ရှုမြင်နေဆဲဖြစ်ပါတယ်။

DASSK
(နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ၂၀၂၀ စက်တင်ဘာ ၁၉ ရက်နေ့က NLD မဲဆွယ်ကားတန်းကို ထွက်ပြီးနှုတ်ဆက်စဥ်) Photo: AFP

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ဘယ်တော့မှ ဩဇာမရှိတော့အောင် စစ်ခေါင်းဆောင်တွေက လုပ်ဆောင်ပါလိမ့်မယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က ဝေဖန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထောင်ဒဏ်တွေ ချမှတ်နေတာဟာ လက်ရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားက တရားစီရင်ရေးအပေါ် လွှမ်းမိုးနေတာကြောင့် စစ်တပ်ကိုယ်တိုင် လေးစား လိုက်နာပါတယ်လို့ ပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ထောက်ပြဝေဖန် ပါတယ်။

“ဒီဟာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ အုပ်ချုပ်ရေး ယန္တရားကနေ တရားစီရင်ရေး ယန္တရားအပေါ် အမိန့်ပေး ခဲ့တာပေါ့။ အမိန့်ပေးပြီး ခိုင်းတယ်။ အမိန့်ပေးလုပ်တယ်။ တရားစီရင်ရေးက သပ်သပ်၊ အုပ်ချုပ်ရေးက သပ်သပ် မဟုတ်ဘူး။ ဒီအပြစ်ပေးနေတာတွေက ၂၀၀၈ အခြေခံဥပဒေနဲ့လည်း မညီဘူးပေါ့နော်။ အုပ်ချုပ် ရေးယန္တရားရဲ့ အမိန့်နဲ့ လှုပ်ရှားနေကြတာကိုး။ ၂၀၀၈ အခြေခံဥပဒေနဲ့လည်း မညီဘူးဆိုတော့ ၂၀၀၈ အခြေခံဥပဒေကို လွမ်းလို့ ပြောတာမဟုတ်ဘူး။ သူတို့ကိုယ်တိုင်က ၂၀၀၈ အခြေခံဥပဒေကို လေးစား လိုက်နာပါမယ်လို့ စစ်တပ်ကြီးက ကတိပြုထားတယ်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတော့ လည်း ၂၀၀၈ နဲ့အညီပဲ အာဏာသိမ်းပါတယ် ဆိုတော့ ၂၀၀၈ နဲ့တော့ မညီဘူးလေ အခုလုပ်နေတာတွေက”

စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးပြတ် ဖယ်ရှားနိုင်မှသာ နိုင်ငံ့ခေါင်းဆောင်တွေဟာ ပြည်သူ့ ရင်ခွင်ကို ပြန်ရောက်နိုင်မှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပေး ပြောဆိုပါတယ်။

“အဓိကအားဖြင့် စစ်ကောင်စီရဲ့ အုပ်စိုးမှုအောက်မှာရှိနေတဲ့ တရားမျှတမှု မရှိတဲ့ ခုံရုံးတွေအောက်မှာ ဆက်လက်ပြီးတော့ စီရင်ချက်တွေ ချသွားမှာဖြစ်တဲ့အတွက် အဲဒီကိစ္စက နိုင်ငံတကာအနေနဲ့ ပါဝင် စွက်ဖက်နိုင်တဲ့ အခြေအနေ နည်းပါတယ်။ အဲဒီတော့ အမှုတွေ အားလုံးကတော့ အခုဒီနေ့ လူထုဆင်နွှဲ နေတဲ့ ပြည်သူ့တော်လှန်ရေး အဆုံး သတ်ပြီးတော့ စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်နိုင်မှ အဲဒီအမှုတွေဟာ ကွင်းလုံးကျွတ်လွတ် လိမ့်မယ်။ ပြည်သူ့ရင်ခွင်ထဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပြန်ရောက်လိမ့်မယ်လို့ ကျနော်တို့ကတော့ မျှော်လင့်ယုံကြည် ထားပါတယ်”

အသက် ၇၆ အရွယ်ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့အထိ စုစုပေါင်း အမှု ၁၁ ခုနဲ့တရားစွဲ ခံထားရတာပါ။

အဲဒီထဲက ငါးခုကို အမိန့်ချပြီးဖြစ်တဲ့အတွက် နောက်ထပ် ခြောက်မှုဖြစ်တဲ့ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ- ၃ (၁)(ဂ)နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဆက်ပြီး ရင်ဆိုင် ရဦးမှာ ဖြစ်ပါတယ်။

အဲဒီအပြင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုဆိုတဲ့ နောက်တိုး အမှုနှစ်ခုနဲ့လည်း အရေးယူဖို့ စစ်ကောင်စီဘက်က စီစဉ်နေပါတယ်။ အဲဒီ နောက်တိုးနှစ်မှုကို တရားရုံးက လက်ခံလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှုစုစုပေါင်း ၁၃ ခုအထိ ရှိသွားမှာပါ။

ဒီအမှုအားလုံးကိုသာ စစ်ကောင်စီက တစ်မှုချင်းအလိုက် ဥပဒေမှာပြဌာန်းထားတဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ပေးလိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း ထောင်ဒဏ်အနှစ် ၁၀၀ ကျော်အထိ ကျခံရဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေနဲ့ ရှေ့နေတွေက ပြောပါတယ်။