ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ဝင်စီးခဲ့ချိန်က ဝရမ်းမပါခဲ့ဘူးလို့ တရားလိုပြသက်သေတွေ ထွက်ဆို

ခင်ခင်အိ (ဝါရှင်တန် ဒီစီ)
2021.07.12

စစ်ကောင်စီက ပုဒ်မ (၇) ခုနဲ့ ဖမ်းဆီးအရေးယူခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၁၂ ရက် ဒီကနေ့ နေပြည်တော်က အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈)နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) တို့အတွက် တရားလိုပြ သက်သေတွေကို ဆက်လက်စစ်ဆေးခဲ့တာပါ။

"သူတို့ရှာဖွေဝရမ်းမပါဘူးဆိုတဲ့ အကြောင်းကတော့ ထွက်သွားပါတယ်"

အဲဒီလိုစစ်ဆေးရာမှာ နေပြည်တော်တိုင်း စစ်ဌာနချုပ်က တပ်မှူး၊ တပ်စုမှူး၊ တပ်စိပ်မှူးတွေလည်း ပါဝင်ပြီး သူတို့ကိုစစ်မေးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဝင်ရောက်ရှာဖွေ တုန်းက ဝရမ်းမပါကြောင်း ထွက်ဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။

“ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ စွဲထားတဲ့အမှုအတွက်က နေပြည်တော်တိုင်း စစ်ဌာနချုပ်က တပ်စုမှူး တစ်ယောက်၊ တပ်မှူးတစ်ယောက်၊ တပ်စိပ်မှူးတစ်ယောက် တရားလိုပြသက်သေ သုံးယောက်ကို စစ်ပါတယ်။ စစ်တဲ့အခါမှာ သူတို့ကိုမေးတဲ့အခါ ဒီ မြနန်းဘုံသာလမ်းက ခြံအမှတ် အိမ် ၃၃ ကို ရှာဖွေတဲ့ အခါမှာ ရှာဖွေဝရမ်းမပါခဲ့ဘူးလို့ ပြောလို့ရှိရင် မပါဘူးလို့ ပြောတယ်။ ဆက်သွယ်ရေးပစ္စည်းကို သိမ်းဆည်းစဉ်တုန်းကလည်း သူတို့ဆီမှာ ရှာဖွေပုံစံတွေ မပါခဲ့ဘူးလို့ မေးလို့ရှိရင် မပါခဲ့ဘူးလို့ ဖြေခဲ့ပါတယ်။ မေးတဲ့အခါမှာ ရှာဖွေဝရမ်းနဲ့ မစစ်ခဲ့ဘူးဆိုတာတွေကတော့ မှန်တယ်။ သူတို့ရှာဖွေဝရမ်း မပါဘူးဆိုတဲ့ အကြောင်းကတော့ ထွက်သွားပါတယ်”

ဒီနေ့ ရုံးချိန်းမစတင်ခင်မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ ရှေ့နေအဖွဲ့တို့ တွေ့ဆုံခွင့်ရခဲ့ပြီး သူတို့ နှစ်ယောက်လုံး ကျန်းကျန်းမာမာရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ပိုဆိုးလာတဲ့အတွက် ပြည်သူတွေကို စိတ်ပူကြောင်းနဲ့ ဆုတောင်းမေတ္တာပို့သပေးနေကြောင်း သူတို့နှစ်ဦးလုံးက ပြောဆိုခဲ့တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

“အမေကလည်း ဒီ ကိုဗစ်ကို အရမ်းစိတ်ပူနေတဲ့အတွက်ကြောင့် ပြည်သူတွေကို ထပ်ပြီးတော့ ပြောပါတယ်။ ဒီအရင်ပြောနေကြပါပဲ။ ဟိုဥစ္စာပေါ့နော်။ အရမ်းစိတ်ပူတယ်ပေ့ါနော်။ ကိုဗစ်ကိစ္စကိုလည်း ဘယ်လိုတွေဆောင်ရွက်နေကြတာလဲဆိုတာလည်း အမေသိချင်တဲ့အတွက်ကြောင့်၊ နောက် စိတ်လည်း ပူနေတော့ ပြည်သူတွေအကုန်လုံးကို မေတ္တာပို့ပေးနေတဲ့အကြောင်းလည်း ပြောတယ်။ နောက် ပြည်သူ အချင်းချင်း ပြည်သူက ပြည်သူကို ကူညီကြပါ။ စောင့်ရှောက်ကြပါ။ နောက်အချင်းချင်း အတတ်နိုင်ဆုံး သည်းခံကြပါ။ ညီညွတ်ကြပါလို့ ပြောပါတယ် အမေက။”

ဒီကနေ့ ရုံးချိန်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပြင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ရဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) နဲ့ စွဲဆိုထားတဲ့အမှုအတွက်လည်း တရားလိုပြသက်သေတွေ စစ်ဆေးခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သူပါအဝင် သူနဲ့ နေအိမ်အတူရှိနေတဲ့ သူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အဲဒီလိုဝင်ရောက်စီးနင်းခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေးအရာရှိဆောင် တို့မှာ စကားပြောစက်တွေနဲ့ Jumber တစ်စုံတို့ကို တွေ့တာကြောင့် ပို့ကုန်သွင်းကုန် ပုဒ်မ (၈)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇) တို့နဲ့ စပြီး အမှုဖွင့်ခဲ့တာပါ။

အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူလို့ရနိုင်သမျှ အမှုတွေကို စစ်တပ်က ရှာဖွေခဲ့ပြီး ရွေးကောက်ပွဲအကြိုကာလက NLD မဲဆွယ်ယာဉ်တန်း လှည့်လည်တာကို နေအိမ်ရှေ့ထွက် လက်ပြခဲ့တာဟာ ကိုဗစ်စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မ ၂၅ နဲ့ ထပ်ပြီး အရေးယူခဲ့ပါတယ်။

dassk-sep19.jpg
NLD မဲဆွယ်ယာဥ်တန်းလှည့်လည်နေတာကို နေအိမ်ရှေ့ကနေ ဒေါ်အောင်ဆန်းစုကြည် ထွက်ကြည့်နေစဉ် (Photo: THET AUNG / AFP)

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အရှိန်ကောင်းနေချိန် ဖေဖော်ဝါရီလ ၇ ရက်နေ့နဲ့ ၁၃ ရက် နေ့က NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေငြာချက် နှစ်စောင်ထွက်ခဲ့ပြီး အဲဒီစာတွေက နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုထပ်တိုး တရားစွဲခဲ့ပါတယ်။

၂၀၂၀ သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည် ဇမ္ဗုသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ကို လာခဲ့တုန်းကလည်း လူစုလူဝေးဖြစ်ခဲ့လို့ ကိုဗစ်စည်းကမ်းနဲ့ မညီဘူးဆိုပြီး ဧပြီလ ၁၂ ရက်နေ့ အွန်လိုင်းစနစ်နဲ့ ရုံးထုတ်စဉ်မှာ သဘာဝဘေးအန္တရာယ် ပုဒ်မ ၂၅ နဲ့ အမှု တစ်ခုထပ်တိုးပြန်ပါတယ်။

နောက်ပိုင်းမှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) တို့နဲ့ပါ ထပ်တိုးအမှုဖွင့်ခဲ့ပြီး သူ့ကိုစွဲထားတဲ့ ပုဒ်မတွေအားလုံးအတွက် အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးခဲ့မယ်ဆိုရင် ထောင်ဒဏ်အနှစ် ၄၀ ကျော်ကျခံရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။