အမေရိကန် အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အမေရိကန်အစိုးရ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲက အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီကနေ့ညနေက သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုဆိုရင် ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေထဲမှာ အမှားအယွင်းများစွာ တွေ့နေရကြောင်း၊ ကြိုတင်မဲကိစ္စတွေနဲ့ ပတ်သက်ပြီး မမှန်မကန် ဆောင်ရွက်မှုတွေ ရှိနေတာ ကြားရကြောင်း၊ ဒါကြောင့် ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ဖို့ နိုင်ငံတကာက စောင့်ကြည့်နေဖို့ လိုအပ်ကြောင်း ပြောသွားပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာပဲ မစ္စတာဒဲရစ်မစ်ချဲကလည်း နေပြည်တော်က အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲတွေရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲတွေပါ အကျိုးရှိတဲ့ဆွေးနွေးပွဲတွေဖြစ်ကြောင်း၊ နိုင်ငံတကာက စေလွှတ်ချင်တဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက လက်ခံမယ် မခံဘူးဆိုတာ ဘာကတိမှ မပေးသေးကြောင်း သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။