နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အင်္ဂလန်နဲ့ အမေရိကန်ခရီးစဉ် စတင်
2016.09.10
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နဲ့ အင်္ဂလန် နိုင်ငံခရီးစဉ်အတွက် စက်တင်ဘာလ ၁ဝ ရက်နေ့ မနက်က ရန်ကုန်လေဆိပ်ကနေ ထွက်ခွာစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နဲ့ အင်္ဂလန် နိုင်ငံခရီးစဉ်အတွက် ဒီကနေ့ မနက်က ရန်ကုန်လေဆိပ်ကနေ ထွက်ခွာခဲ့ပြီး ခရီးစဉ်ဟာ ၂ ပတ်ကျော် ကြာမြင့်မှာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံကို အရင်ဆုံးသွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ကနေ နယူးယောက်မြို့ကို ဆက်သွားမယ် လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
"၁ဝ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အားလုံးပေါင်း ၁၆ ရက်ကြာမယ်၊ ဗြိတိန်မှာဝန်ကြီးချုပ် အပါအဝင် ခေါင်းဆောင်တွေနဲ့ တွေ့မယ်ပေါ့နော်၊ နောက်ဝါရှင်တန်သွားမယ်၊ ပြီးရင် နယူးယောက် သွားမယ်၊ နယူးယောက်မှာ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောမယ်၊ High Level meeting တစ်ခုမှာပြောမယ်၊ ပြီးရင် အထွေထွေညီလာခံမှာ ပြောမယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာ ဥရောပ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက မြန်မာသံ အမတ်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ အမေရိကန်သမ္မတ အိုဘားမား၊ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်၊ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့နဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဒါ့အပြင် ဝါရှင်တန်မြို့မှာ US-ASEAN Business Council က တာဝန်ရှိသူတွေအပြင် အမေရိကန် ကုန်သည်ကြီးများ အသင်းက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်လည်း လိုက်ပါသွားပါတယ်။









