နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ဥတ္တရသီရိမြို့နယ် မျက်စိ၊ နား နှာခေါင်းနဲ့ လည်ချောင်း အထူးကုဆေးရုံမှာ ဒီနေ့ ညာဖက်မျက်စိ ခွဲစိတ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်စိနှစ်ဖက်စလုံးမှာ တိမ်စွဲနေတာကြောင့် ခွဲစိတ်တာဖြစ်ပြီး ဒီနေ့ ခွဲစိတ်မှုဟာ အောင်မြင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။
"အခြေအနေအားလုံးကောင်းပါတယ်၊ တိမ်ပေါ့နော်၊ လူကြီးတွေမှာ အများဆုံး တိမ်ရှိကြပါတယ်၊ အဲ့ဒါခွဲတဲ့သဘောပါပဲ၊ သိပ်ပြီးတော့ ထွေထွေထူးထူး မဟုတ်ပါဘူး၊ ဧပြီလ ၁၆ရက်နေ့မှာ နောက်တစ်ဖက် ထပ်ခွဲမှာပါ"
လာမယ့် ဧပြီလ ၁၆ ရက်နေ့မှာ ဘယ်ဖက်မျက်စိကို ခွဲစိတ်ကုသမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မျက်စိကို မျက်စိအထူးအကုဆရာဝန်ကြီး ဒေါက်တာ ခင်ဥမ္မာခိုင် ဦးဆောင်ပြီး တစ်နာရီကြာ ခွဲစိတ်ခဲ့တာဖြစ်ပါတယ်။ ခွဲစိတ်မှုပြီးစီးတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဖြစ်သူ ဒေါ်စုစုလွင်တို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်လည်း မျက်စိခွဲစိတ်မှုခံယူမှာဖြစ်ပြီး လက်ရှိမှာ စစ်ဆေးနေဆဲဖြစ်တယ်လို့ ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။
NLD ခေါင်းဆောင်တစ်ဦးဖြစ်သလို ဦးရွှေမန်းဦးဆောင်တဲ့ ဥပဒေလေ့လာသုံးသပ်ရေး ကော်မရှင်မှာလည်း အဖွဲ့ဝင်ဖြစ်တဲ့ ဦးဝင်းထိန်ကို ဒီကနေ့ မျက်စိခွဲစိပ်ကုသမှုခံယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် တားဆီးတဲ့ ဥပဒေတွေဖယ်ရှားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
