နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ UPDJC အစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိသားစုဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး မေးမြန်း ရာမှာ ဒေါက်တာတင်မျိုးဝင်းက ပြောတာဖြစ်ပါတယ်။
"အခုပဲ ဆရာသူ့အိမ်ကပြန်လာပါတယ်၊ ဒေါင်ဒေါင်မြည် နေကောင်းတယ်၊ UPDJC အစည်းအဝေးကို မနက်ဖြန် သင်္ဂဟမှာလုပ်မယ်၊ သူကဥက္ကဌပဲ တက်မှာပေါ့၊အများဆုံး ၂ ရက်ပဲ"
ဒေါက်တာတင်မျိုးဝင်းဟာ ငြိမ်းချမ်းရေးကော်မရှင်မှာ တာဝန်မယူခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်အဖြစ်ဆောင်ရွက်ခဲ့တာဖြစ်သလို လက်ရှိမှာလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကြည့်ရှုပေးနေတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC မှာ ဥက္ကဌအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။
UPDJC အစည်းအဝေးမှာ ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်နိုင်မယ့်သူတွေစာရင်းနဲ့ အစည်းအဝေး ကျင်းပမယ့်ရက်နဲ့ အစည်းအဝေးကျင်းပမယ့် ကာလကို အတည်ပြုသွားဖို့ရှိပါတယ်။
