ပြည်သူ စိတ်ပျက်အောင်မလုပ်ဖို့ လွှတ်တော်ဥက္ကဌတွေ ကို ဒေါ်အောင်ဆန်းစုကြည် မှာကြား

2016-02-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်မှာ  ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တိုင်းနဲ့ပြည်နယ် ၁၂ ခုက လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတွေနဲ့ တွေ့ဆုံ ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်ရစဉ်
နေပြည်တော်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တိုင်းနဲ့ပြည်နယ် ၁၂ ခုက လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတွေနဲ့ တွေ့ဆုံ ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်ရစဉ်
Photo: Win Ko Ko Latt/RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုက လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌတွေကို အဂတိတရားကင်းကင်းနဲ့ တာဝန် ထမ်းဆောင်ကြဖို့နဲ့ ပြည်သူတွေ စိတ်ပျက်စေတဲ့လုပ်ရပ်မျိုး မလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မှာကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌတွေအဖြစ် ရွေးချယ်တင်မြှောက် ခံရတဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရုံး ခန်းမှာ ခေါ်ယူတွေ့ဆုံတာဖြစ်ပြီး တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တာတွေကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က အခုလိုပြောပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို မှာကြားခဲ့ပါတယ်။

"ဥက္ကဌအနေနဲ့ တိုင်းနဲ့ပြည်နယ် ၁၂ ခုပေါ့၊ ရခိုင်နဲ့ ရှမ်းမပါ၊ ဥက္ကဌတွေ ဒုတိယဥက္ကဌတွေ ရှေ့ဆောင်ရွက်ရမယ့် လမ်းကြောင်းတွေပေါ့၊ ထားရမယ့်စိတ်ထားတွေ ကျနော်တို့က အသစ်ဆိုပေမယ့် စေတနာနဲ့ လုပ်ရမယ်၊ နောက် အဂတိတရား ကင်းစင်တဲ့ဟာကို ရှေးရှုပြီးတော့ အထူးသဖြင့် တိုင်းသူပြည်သား စိတ်ပျက်မယ့် အလုပ်မျိုးတွေ မလုပ်မိဖို့ သြဝါဒပေးတယ်"

တွေ့ဆုံပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး မဆွေးနွေးခဲ့ဘူးလို့ ဦးဝင်းထိန် က ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲကို ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကလွဲပြီး ကျန်တဲ့ ပြည်နယ်/တိုင်း ၁၂ ခုက လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌတွေနဲ့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တချို့ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌတွေက သူတို့ရရှိတဲ့ အဆောင် အယောင်တွေနဲ့ ပတ်သက်ပြီး တင်ပြတာတွေရှိတယ်လို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌတွေနဲ့ ဖွဲ့စည်းမယ့် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ MPU အစည်းအဝေးကို မနက်ဖြန်ကျင်းပမှာဖြစ်ပါတယ်။ မနက်ဖြန် အစည်းအဝေးကို ရခိုင်နဲ့ ရှမ်းပြည်နယ်က လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့