အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ မနေ့က ဒီဇင်ဘာ (၄) ရက် နေ့လည် (၂) နာရီ က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က အတည်ပြုပြောပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်အမြစ်တွယ်ရေးကို အားပေးထောက်ခံအားပေးကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုကြောင်းတွေကို ပြောခဲ့တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
"ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အစိုးရအဖွဲ့မှာရော၊ တပ်မတော်မှာပါ အထိုက်အလျောက် သြဇာရှိတယ်လို့ ယုံကြည်ထားတာ၊ အဲ့ယုံကြည်ချက်ပေါ် မူတည်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားတွေ့တာပါ၊ သွားတွေ့တဲ့အခါမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရော၊ ဒေါ်အောင်ဆန်းစုကြည်ရော နောင်အနာဂတ် မြန်မာနိုင်ငံကို ဒီမိုကရေစီအမြစ်တွယ်ရေးနဲ့ ပါတီစုံဒီမိုကရေစီ စနစ်အောင်မြင်ဖို့လဲ အဲ့ကိစ္စတွေဆွေးနွေးတယ်ဆိုတာကို ကျနော်တို့ ကိုရှင်းပြပါတယ်၊ နောက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ရဲ့လုပ်ပုံကိုင်ပုံတွေ၊ ပြတ်သားပုံတွေကိုအသိအမှတ်ပြုတဲ့ အကြောင်း အဲဒါတွေ ပါတာပေါ့ဗျာ"
အဲဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံအသွင်ကူပြောင်းရေး အတွက် အဓိကကျပြီး ပိုမိုအဆင်ပြေချောမွေ့မယ်လို့ ယုံကြည်ကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင် နဲ့လည်း ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၉) ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်က နေအိမ်မှာ တွေ့ဆုံခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။