ပြည်တွင်းငြိမ်းချမ်းရေး ဦးစားပေးလုပ်ဆောင်မယ်လို့ ပြော


2016.01.04
dassk-indpendence-day-620.jpg ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ဇန်နဝါရီလ ၄ ရက်နေ့ကကျင်းပတဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Myo Zaw Ko/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချ ုပ် NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပပြီး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမရသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အပြင် အားလုံးပါဝင်လာနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြောပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချ ုပ် NLD ရုံးချုပ်မှာ ဒီနေ့ ကျင်းပတဲ့ ၆၈မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်အစိုးရသစ်လက်ထက် ဦးစားပေး လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ် ကို ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ ်။

"နောင်တက်လာမယ့်အစိုးရရဲ့ ပထမဆုံးတာဝန်တစ်ခုကတော့ ငြိမ်းချမ်းရေးတည်ဆောင်ဖို့ပဲဖြစ်တယ်၊ တကယ့်ထိရောက်တဲ့ ငြိမ်းချမ်းရေးညီလာခံတစ်ခု ကျင်းပပြီးတော့ ကျမတို့ အခုလက်မှတ်ထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ပိုမိုပြီးတော့ အားလုံးပါဝင်လာနိုင်အောင်လို့ ကျမတို့လုပ်ရမယ်၊ လုပ်ပြီးတော့ နောင်ဖြစ်ပေါ်လာမယ့် စစ်မှန်တဲ့ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံးဆောက် တည်နိုင်ဖို့အတွက် ကျမတို့အားလုံးကြိုးစားရမှာပေါ့၊ ကြိုးစားတဲ့နေရာမှာ ပြည်သူတွေအားလုံးပါရမယ်၊ တပ်မတော် ပါရမယ်၊ တိုင်းရင်းသားအသီးသီး ပါရမယ်၊ ကျမတို့အပေါ်မှာ စေတနာထားတဲ့ တစ်တိုင်းပြည် လုံးမက တစ်ကမ္ဘာလုံးကနေပြီးတော့ ပါဝင်ပြီးတော့ ကူညီဖို့လိုပါတယ်"

လွပ်လပ်ရေးရဖို့ကြိုးပမ်းခဲ့စဉ်က တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်အပေါ်မှာ အခြေခံပြီး စုပေါင်းကြိုးစားခဲ့ကြသလို လက်ရှိအချိန်မှာလည်း စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့ စုပေါင်းအားနဲ့ လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အပြောင်းအလဲတွေကို စိုးရိမ်ကြောက်လန့်နေကြတဲ့ နိုင်ငံသူ နိုင်ငံသားတွေကို မကြောက်ကြဖို့နဲ့ အားလုံး အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြောင်းအလဲမျိုးဖြစ်ဖို့ အစွမ်းကုန်ကြိုစားသွားမယ်လို့ ကတိပေး ပြောကြားသွား ပါတယ်။

လာမယ့် အစိုးရသစ်လက်ထက်မှာ ဝန်ကြီးနေရာပေးဖို့ စာရေးသားတောင်းဆိုတဲ့ NLD ပါတီဝင်တွေကို သဘော မကျကြောင်း ဒေါ်အောင်ဆန်းစုကြည် က သတိပေးပြောကြားပါတယ်။ ဝန်ကြီးနေရာတွေအတွက် တကယ်တိုင်းပြည် အတွက် အလုပ်လုပ်နိုင်တဲ့သူတွေကို ရွေးချယ်သွားမှာဖြစ်ပြီး NLD ပါတီဝင်ထဲက မဟုတ်သူတွေလည်း ပါဝင် မှာဖြစ်ကြောင်းနဲ့ အမျိုးသားရင်ကြားစေ့ရေး အစိုးရဖြစ်ဖို့ အားလုံးနဲ့ လက်တွဲသွားမယ်လို့ ပြောပါတယ်။

ဒီပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်တွင်းက နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ နိုင်ငံတကာက သံတမန်တွေ တက်ရောက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို RFA သတင်းထောက် ကိုသီဟထွန်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။