အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပါသင့်ပါထိုက်သူတွေ ပါဝင်ခွင့်ရရှိရေးကို ဦးတည်ဆောင်ရွက်ကြဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။
နေပြည်တော်က နိုင်ငံတော်သမ္မတ အိမ်တော်မှာ ဒီနေ့ကျင်းပတဲ့ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဖွဲ့စည်းရေး အစည်းအဝေးကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြော ကြားခဲ့တယ်လို့ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဖွဲ့စည်းရေးလုပ်ငန်းတွေနဲ့ ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေကို တပြိုင်တည်း ဆောင်ရွက်ဖို့၊ ညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာလည်း ပါသင့်ပါထိုက်သူတွေ ပါဝင်နိုင်ရေးကို ဦးတည်ဆောင်ရွက်ဖို့တို့ကို ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်း၊ အစိုးရကိုယ်စား လှယ်တွေဖြစ်တဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် တို့ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာနက ဦးမြင့်စိုး၊ ဦးခင်ဇော်ဦး၊ ဒေါက်တာမင်းဇော်ဦး နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဦးမိုးဇော်ဦး တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
