ပိတ်ဆို့မှု ဖျက်သိမ်းရေး ဒေါ်အောင်ဆန်း စုကြည်နဲ့ အိုဘားမား ဆွေးနွေး မယ်

2016-09-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းစဉ်
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းစဉ်
Photo: Myo Zaw Ko/RFA

မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့ လာမယ့် စက်တင်္ဘာလ ၁၄ ရက်နေ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှာဖြစ်တယ်လို့ အမေရိကန်အစိုးရ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Ben Rhodes ဘင်ရို့ဒ်စ် က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် သူက ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ကို လာရောက်တဲ့အခါ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက် မိမိတို့ပိတ်ဆို့မှုတွေကို လျှော့ချ ဖျက်သိမ်းပေးသင့်သလား၊ မြန်မာနဲ့ အမေရိကန်အကြား ကုန်သွယ်မှုတွေကို ဘယ်လိုတိုးချဲ့နိုင်မလဲ ဆိုတာတွေ ကို ဆွေးနွေးဆုံးဖြတ်မှာဖြစ်ကြောင်း ပြောဆိုပါတယ်။ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ မနေ့က ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောကြားခဲ့တာပါ။

အဲဒီ သတင်းစာရှင်းပွဲမှာ ဘင် ရို့ဒ်စ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ အာဏာရလာချိန်က စပြီး အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်အပေါ်ကူညီနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရှာဖွေ ဆောင်ရွက် ခဲ့ကြောင်း၊ USAID ကနေ အရည်အချင်းမြှင့်မားရေးအတွက် တိုက်ရိုက်ပံ့ပိုးမှုတွေ ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဏ တိုးတက်ရေးအတွက် မိမိတို့ ကူညီဖို့ အဓိကလိုအပ်ချက်က အမေရိကန်နဲ့  နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်မှာ တိုးပွားရေးဖြစ်ကြောင်း၊ အဲဒီလို ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် ပံ့ပိုး ကူညီနိုင်တဲ့ နည်းလမ်းတခုကတော့ ပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးရေး  ဖြစ်ကြောင်း၊ မြန်မာအစိုးရအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တဲ့အဓိက ရည်မှန်းချက်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲရေးကို အထောက်အ ကူပြုရေးဖြစ်ကြောင်း၊ ပိတ်ဆို့မှုတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရအာဏာပိုင်တွေက အသိအမှတ်ပြုဆက်ဆံပုံနဲ့ တိုက်ရိုက်ပတ်သက်ပြီး ချမှတ်ထားတာဖြစ်ကြောင်း၊ ပိတ်ဆို့မှုတချို့ကို အခု လျှော့ချခဲ့ ပြီးဖြစ်သလို ထပ်မံလျှော့ချဖို့လည်း စဉ်းစားနေကြောင်း ပြောပါတယ်။

ဒါ့အပြင် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဘင်ရို့ဒ်စ်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခု အချိန်မှာ တခြားစိန်ခေါ်မှု အများအပြားကို ရင်ဆိုင်ဖြေရှင်းနေရကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ရခိုင်ပြည်နယ် ပြသနာဖြေရှင်းရေးစတာတွေ ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်လည်း သူမ လာရောက်တဲ့အခါ ဆွေးနွေးကြမှာဖြစ်ကြောင်းနဲ့ ဒီကိစ္စတွေ အောင်မြင်ရေးအတွက် အမေရိကန် လွှတ်တော်အမတ်တွေရဲ့ ကူညီပံပိုးထောက်ခံမှုရရှိဖို့ အင်မတန် အရေးကြီးတဲ့အတွက် သူတို့နဲ့လည်း တိုင်ပင်ဆွေးနွေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

တဆက်တည်းမှာပဲ ဘင်ရို့ဒ်စ်က မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို မြန်မာပြည်သူတွေကပဲ ဆောင် ရွက်ရမှာဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ပေးမှာသာဖြစ်ကြောင်း၊ ပြောင်းလဲ မှုတွေ ဖြစ်ပေါ်ရေးအတွက် မြန်မာစစ်အစိုးရကို မိမိတို့ဆက်တိုက်ဖိအားပေးခဲ့ကြောင်း၊ တချိန်က အကျဉ်းချခံခဲ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအစိုးရကို ဦးဆောင်နေပြီဖြစ်ကြောင်း၊ မြန်မာပြည်မှာ ဒီမိုကရေစီပြောင်း လဲမှု အပြည့်အဝ မဖြစ်ထွန်းသေးဘူးဆိုတာ သိရှိပါကြောင်း၊ စစ်တပ်က လွှတ်တော်မှာ ၂၅ % နေရာ ယူထားဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ မိမိတို့နိုင်ငံခြားရေးမူဝါဒက အဲဒီလိုအာရှနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ အမေရိ ကန်ပြည်ထောင်စုရဲ့ မူဝါဒသဘောတရားတွေ စံထားမှုတွေကို ရှင်းလင်းပြောဆိုပြီး အပြုသဘော ပူးပေါင်း ဆက်ဆံမှုတွေကနေ တိုးတက်နိုင်တယ်ဆိုတဲ့ အချက်ဖြစ်ကြောင်းပြောပါတယ်။

ဒါကြောင့် မိမိတို့ ရှင်းလင်းစွာ ပြောကြား အသိပေးလိုတာကတော့  အစိုးရတွေပြောင်းလဲအောင် ပြည်တွင်းနိုင် ငံရေးစံနစ်တွေကို အမေရိကန် အစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက် ပြဌာန်းတာတွေ ထပ်မံဆောင်ရွက်တော့မှာ မဟုတ်ဘဲ အပြုသဘော ပူးပေါင်းဆောင်ရွက်မယ်ဆိုတာပါပဲ။  အဲဒီတိုင်းပြည်တွေမှာ ပြောင်းလဲ မှုတွေ ဖြစ်ပေါက်ရေးအတွက် သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်လို့ အမေရိကန်အစိုးရ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဘင်ရို့ဒ်စ် က ပြောကြားခဲ့ပါတယ်။

ဒီအကြောင်း RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့