NLD မူဝါဒနဲ့ အသွင်ကူးပြောင်းရေးကိစ္စတွေကို ပါတီဥက္ကဋ္ဌကသာ ပြောခွင့်ရှိမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မူဝါဒတွေ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာသာ ပြောရေးဆိုခွင့်ရှိကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အခုလိုကြေညာချက် ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ရန်ကုန် အန်အယ်လ်ဒီဌာနချုပ်ကိုသာ မေးမြန်းဖို့ ဖြေကြားပါတယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက လာမယ့် လွှတ်တော်အသစ်မှာ တာဝန်ယူမယ့် လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌရာထူးတွေအတွက် ပါတီက လျာထားသူစာရင်းတွေကို ပြည်ပသတင်းဌာနတစ်ခုကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၀ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်မပါဝင်ဘဲ ပြောကြားတဲ့အတွက် အတည် မပြုနိုင်ကြောင်းနဲ့ ပါတီက လျာထားတဲ့ ရာထူးတွေနဲ့ လူပုဂ္ဂိုလ်စာရင်းကို ပါတီဥက္ကဌကသာ ကြေညာမှာဖြစ်ကြောင်း မနေ့က ဦးဝင်းထိန်က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။