မိမိမရှိပဲ NLD ရပ်တည်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2016.11.05

ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ သူမ မရှိပဲ တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်ကြောင်း မနေ့က ပြောကြား လိုက်ပါတယ်။ တိုကျိုမြို့က သတင်း စာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူမ မရှိရင် NLD ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်းကို မကြာခဏမေးမြန်း ခံရကြောင်း၊ သူမရှိရင် NLD ကိုခေါင်းဆောင်မယ့်သူ မရှိဘူးလို့လည်း ပြောဆိုကြကြောင်းနဲ့ အဲဒီ အယူအဆကို မိမိ လက်မခံနိုင်ေကြာင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျမရဲ့အားသာချက်က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်း ကျင်ကျင် ပြောဆိုတတ်ခြင်းသာ ဖြစ်ပါတယ်။ ကျမလို နိုင်ငံခြား ဘာသာစကားတွေ ကောင်းကောင်းမွန်မွန် မပြော တတ်ပေမယ့် ကျမတို့ပါတီအတွင်းမှာ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်သူတွေ အများကြီးရှိပါတယ်။ အဲဒီသူတွေကို လျှော့တွက်ခြင်း အထင်သေးခြင်းမပြုပါနဲ့။ ပြီးခဲ့တဲ့ရွေးကောက်ပွဲကို ကျမတယောက်တည်း အရည်အချင်းနဲ့ အနိုင်ရခဲ့တာ မဟုတ်ပါဘူး၊ ကျမ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပါတီမှာ ချမှတ်ထားပြီဖြစ်တဲ့ မူဝါဒတွေကို ကျမတို့ပါတီဝင်တွေက ကောင်းကောင်း အကောင်အထည်ဖေါ်နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရတပ်ဖွဲ့တွေက လတ်တလော ကာလတွေအတွင်း အကြမ်းဖက်သမားတွေ ရှာဖွေနှိမ်နင်း ရာမှာ မုဒိမ်းကျင့်မှုအပါအဝင် လူ့အခွင့်ရေးတွေကို ချိုးဖေါက်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက် လို့တော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီကိစ္စတွေကို မိမိတို့ အသေအချာစုံစမ်းနေကြောင်း ခိုင်လုံတဲ့သက်သေ အထောက်အထား မရှိသေးဘဲနဲ့ အဖွဲ့အစည်းတခုခုကို မစွပ်စွဲနိုင်ကြောင်း၊ အထောက်အထားနဲ့ သိလာရပြီဆိုတာနဲ့ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုမှာဖြစ်ကြောင်း၊ မိမိတို့ အနေနဲ့ တစ်စုံတရာကိုမှ ဖုံးကွယ်ထိမ်ချန်ထားမှာ မဟုတ်ကြောင်း ပြောကြားပါတယ်။