ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိနှစ်မှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ချေဖျက်ခွင့်တင်

2022.07.14
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိနှစ်မှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ချေဖျက်ခွင့်တင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၈ ခုနှစ်မှာ တွေ့ရစဥ်
AFP Photo
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အဂတိမှု နှစ်မှုကို ချေဖျက်ပေးဖို့အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ဇူလိုင်လ ၁၃ ရက် မနေ့က ချေဖျက်ခွင့်တင်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ဦးမောင်ဝိတ်က သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်း ငွေအဖြစ် အကြောင်းပြပေးအပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ငါးသိန်းငါးသောင်းကို ဒေါ်အောင်ဆန်း စုကြည်က ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်အတွင်း လေးကြိမ်ခွဲပြီးတော့ လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင် စီက စွပ်စွဲထားတဲ့အမှု နှစ်မှု ဖြစ်ပါတယ်။
 
ဒီအမှုကို ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ စတင်စစ်ဆေးခဲ့တာဖြစ်ပြီး အပတ်စဉ်ရုံးချိန်း ရက်တွေတိုင်း စစ်ဆေး လာရာမှာ လက်ရှိမှာတော့ တရားလိုပြသက်သေတွေကို စစ်ဆေးဆဲအဆင့်သာ ရှိသေး တယ်လို့ ဆိုပါတယ်။
 
အခုချေဖျက်ခွင့်တင်ထားတာနဲ့ ပတ်သက်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အမှု ခေါ်စာရင်းကို စောင့်ဆိုင်းရမှာဖြစ်ပြီး နောက်တစ်ဆင့်မှာတော့ ဒီအမှုကို လက်ခံဖို့ သင့်၊ မသင့် ဆုံးဖြတ်မှာဖြစ်ပါတယ်။
 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒု-မြို့တော်ဝန် ဦးရဲမင်းဦးနဲ့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ စွပ်စွဲ ခံထားရတဲ့ အဂတိလိုက်စားမှု အမှုပေါင်း ၂၀ ကို ပယ်ဖျက်ပေးဖို့ ယခင်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အခုလိုပဲ တင်ခဲ့ဖူးပါတယ်။
 
ဒါပေမဲ့ အဲဒီတင်ပြချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ပယ်ချခဲ့ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး နေပြည်တော် အထူးတရားရုံးမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စွဲချက်တင်ခဲ့တဲ့ အမိန့်အတွက် ပြင်ဆင်မှုကိုတော့ မေလ ၄ ရက်နေ့မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
 
ဒီအဂတိမှုအတွက် ထောင်ဒဏ် ငါးနှစ်ကျခံဖို့ ဧပြီလ ၂၇ ရက်နေ့ကပင် အောက်တရားရုံးမှာ အပြီးသတ်အမိန့်ချ ထားပြီးမှ မူလစွဲချက်ပြင်ဆင်မှုကို လက်မခံဘူးလို့ အထက်တရားရုံးက ဆုံးဖြတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ပတ်သက်လို့ တရားခွင်အတွင်း ကန့်ကွက်တာပဲဖြစ်ဖြစ်၊ အထက်တရားရုံးတွေကို အယူခံတက်တာပဲဖြစ်ဖြစ် အများစုက ပယ်ချခံရတာများတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်ဆောင်တစ်ခုကို ပြောင်းရွှေ့ခံခဲ့ရပြီး ကျန်နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက်တရားရင်ဆိုင် နေရတာပါ။
 
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရား စွဲဆိုခံထားရပြီး လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။