မျှော်မှန်းသလောက် စီးပွားရေး တိုးတက်မှုမရှိ


2016.10.22
dassk-meet-business-620.jpg နေပြည်တော်မှာ အောက်တိုဘာလ ၂၂ ရက်နေ့က ကျင်းပတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားစဉ်
Photo: Win Ko Ko Latt/RFA

အစိုးရရဲ့ ပထမ ၆ လတာ ကာလအတွင်း မျှော်မှန်းထားသလောက် စီးပွားရေးတိုးတက်မှုမရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ ပြောတာဖြစ်ပါတယ်။

"ကျမတို့ရဲ့နိုင်ငံဟာဆိုရင် စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ဒါပေမဲ့ ဒီစိန်ခေါ်မှုတွေကို တဆင့်ချင်း တဆင့်ချင်းကျော်လွှားနိုင်ပါပြီလို့ ကျမထင်ပါတယ်၊ ဒါပေမယ့် ကျမတို့ ပထမ ၆ လမှာ စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန် တိုးတက်မှုမရှိခဲ့ဘူးဆိုတာတော့ ကျမပွင့်ပွင့်လင်းလင်း ဝန်ခံချင်ပါတယ်"

စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကလည်း ၆ လတာကာအတွင်း စီးပွားရေးတုံ့နှေးတဲ့အကြောင်း နဲ့ နိုင်ငံပိုင်စက်ရုံတွေ အရှုံးပေါ်နေတာကို အဖြေရှာဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေးဖြစ်သူ ဦးနေရွှေသွေးအောင်၊ ဦးဇော်ဇော်၊ ဦးချစ်ခိုင် စတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မနက်ပိုင်းတွေ့ဆုံပြီးနောက် နေ့လည်ပိုင်းမှာ မြန်မာ လူငယ် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆက်လက်တွေ့ဆုံပြီး လူငယ်တွေအနေနဲ့ ခေါင်းဆောင်မှုစွမ်းရည် အပြင် နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားကြဖို့လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

"အခုခေတ်လူငယ်တွေနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေမကဘူး၊ လူငယ်တွေအားလုံးနဲ့ ပတ်သက်လို့ ကျမပြောချင်တဲ့ စကားလေးတစ်ခွန်းရှိပါတယ်၊ ဘယ်ပဲသွားသွား နေရာတိုင်းလိုလိုမှာ ခေါင်းဆောင်မှုပညာ ကို ခဏခဏသင်ကြားပါ၊  ခေါင်းဆောင်မှုပညာ ဘယ်လိုပေးရမလဲ၊ ခေါင်းဆောင်မှုပညာ ဘယ်လိုရယူ ရမလဲဆိုတာ သင်ကြားပါ၊ ကျမ မကြာခဏပြောပါတယ်၊ နောက်လိုက်ကောင်း ဖြစ်အောင်လည်းသင်ဖို့ လိုပါတယ်"

ဒါ့အပြင် တိုင်းပြည်စီးပွားရေး ဖွံံ့ဖြိုးတိုးတက်ဖို့အတွက် အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ အစိုးရနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ ပူပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာလူငယ် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲကို အမေရိကန်သံအမတ်ကြီး Scot Marciel  နဲ့ နိုင်ငံ တကာသံတမန်တွေ၊ မြန်မာလူငယ် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် အသင်းဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။