ဒေါ်အောင်ဆန်းစုကြည် ပညာသင်ဆု လျှောက်ထားနိုင်

ဒေါ်အောင်ဆန်းစုကြည် ပညာသင်ဆု လျှောက်ထားလိုသူ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ လာမယ့် ဧပြီလကုန် နောက်ဆုံးထားပြီး ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ လျှောက်ထားနိုင်ပါတယ်။

အခြေခံပညာအဆင့်ကစပြီး တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူတွေကို ပညာသင် ထောက်ပံ့ကြေးတွေ ပေးမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဦးကျော်ထွေး က ပြောပါတယ်။

"ရုံးချုပ်ကနေ နှစ်တိုင်းကို ဒီလိုအချိန်ဆို ပညာသင်ဆုလျှောက်လွှာတွေတွေ ထုတ်ပေးတယ်၊ ပညာသင်ဆုပေးတာ ၂ဝ၁၁ ကတည်းက စပေးတာလေ၊ မူလတန်းရယ်၊ အလယ်တန်းရယ်၊ အထက်တန်းရယ်၊ တက္ကသိုလ်ဝင်တန်းရယ်လေ၊ လျှောက်လွှာတင်မယ့်သူတွေ များတယ်ပေါ့"

ပညာသင်ထောက်ပံ့ကြေးရယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ သက်ဆိုင်ရာကျောင်းရဲ့ ထောက်ခံချက် နဲ့ နေထိုင်တဲ့မြို့နယ်က အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်တစ်ဦးဦးရဲ့ ထောက်ခံချက်တို့ကို ပူးတွဲတင်ပြ ရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး ပညာသင်ဆုတွေကို ပေးအပ်လာတာဖြစ်ပြီး လျှောက်ထားသူများတာကြောင့် ပညာသင်ဖို့ အခက်အခဲဆုံးဖြစ်နေသူတွေကို ရွေးချယ်ပေးအပ်နေတယ်လို့ ဦးကျော်ထွေး က ပြောပါတယ်။

ပညာရေးကွန်ရက်က တိုင်းနဲ့ပြည်နယ်တစ်ခုစီအတွက် လေးဦးနှုန်းနဲ့ ပညာသင်ဆုတွေ ပေးအပ်နေတာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ အရေအတွက်တိုးမြှင့် ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

မူလတန်းနဲ့ အလယ်တန်းကျောင်းသူ ကျောင်းသားတွေအတွက် လစဉ်ထောက်ပံ့ကြေးငွေ ကျပ်တစ် သောင်း၊ အထက်တန်းအတွက် တစ်လ ငွေကျပ် သုံးသောင်းနဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသူ ကျောင်းသားတွေအတွက် တစ်လ ကျပ် ငါးသောင်း စီကို လစဉ်ပေးအပ်မှာဖြစ်ပါတယ်။