ရှမ်းပြည်နယ်က လက်နက်ကိုင် ပဋိပက္ခကိစ္စ ဒေါ်အောင်ဆန်း စုကြည် ကြေညာချက်ထုတ်
2016.11.23

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ရှမ်းပြည်နယ်အပါအဝင် ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ တည်ငြိမ်အေးချမ်းပြီး မူလပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိဖို့ ကြိုးပမ်းသွားမယ်လို့ အဲဒီ ကြေညာချက်မှာ ပါရှိပါတယ်။
အဲဒီ ကြေညာချက်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အာရုံစိုက်နေချိန်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးဖို့ လိုကြောင်းလည်း ပါရှိပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် NCA မှာ အမြန်ဆုံးလက်မှတ်ထိုးပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ ပြည်သူများ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ကို အရောက်လှမ်းနိုင်ရေး၊ လာမယ့် ၂၀၁၇ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ တန်းတူရည်တူပါဝင်နိုင်ရေးတို့ကို ရှေးရှုပြီး ငြိမ်းချမ်းရေးခရီးကို အတူတကွ လက်တွဲလျှောက်လှမ်းကြဖို့ လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီကြေညာချက်မှာ ထည့်သွင်း တိုက်တွန်း ထားပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့နဲ့ တပ်မတော်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မနေ့ကအထိ သေဆုံးသူ ၁၀ ဦးနဲ့ ဒဏ်ရာရရှိသူ ၃၃ ဦးရှိပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။