ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်မယ့် အခြေခံဥပဒေဖြစ်ပေါ်လာဖို့ အရေးကြီး


2019.02.07
dassk-taunggyi-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တောင်ကြီးမြို့မှာ ၂၀၁၉ ဖေဖော်ဝါရီ ၇ ရက်နေ့ကကျင်းပတဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနားမှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office

အားလုံးလက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအဖြစ် အခိုင်အမာရပ်တည်စေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိဖို့ အင်မတန်အရေးကြီးတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၇၂ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စု သားသမီးတွေရဲ့ ဘဝအဆက်ဆက် သာယာတည်ငြိမ်အေးချမ်း လုံခြုံစေဖို့အတွက် NLD ပါတီ အစိုးရဖြစ်လာကတည်းက တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေး၊  စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်နိုင်စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး စတဲ့ ရည်မှန်းချက်သံန္ဒိဌာန် ချမှတ်ထားပြီးဖြစ်တယ် လို့လည်း ပြောပါတယ်။

အစိုးရအနေနဲ့ တဆင့်ပြီး တဆင့် အကောင်အထည်ဖော်နေရာမှာ စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အဆင့်ကို မရောက်သေးပေမယ့် လက်ရှိလွှတ်တော်မှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းကို စတင်လှမ်းနေပြီလို့လည်း နိုင်ငံတော် အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ပြည်ထောင်စု သားသမီးတွေကလည်း ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို စတင်နိုင်ခဲ့ပြီဖြစ်သလို အမျိုးသား ရင်ကြားစေ့ရေးနဲ့ ယှဉ်တွဲပြီး တစ်ချိန်တည်း လုပ်ရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း နေ့စဉ်လုပ်ဆောင်နေ တယ်လို့လည်း ပြောကြားခဲ့သလို လတ်တလောလွှတ်တော်မှာ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ခြေလှမ်းစနေပြီလို့လည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။

‘’ကျွန်မတို့ဟာပြည်သူလူထုကိုပေးခဲ့တဲ့ကတိတွေကို တတ်နိုင်သမျှတတ်စွမ်းသမျှ တည်အောင်လို့ ကြိုးစားနေပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ချည်းပဲလုပ်လို့မရပါဘူး နိုင်ငံတစ်နိုင်ငံအတွက် တစ်ကယ် အရေးပါတဲ့ကိစ္စတွေ တစ်ကယ်အောင်မြင်ဖို့ကိစ္စတွေမှာ ပြည်သူလူထုပါဖို့ အဓိကကျပါတယ်။’’

ပြည်သူကိုပြောထားတဲ့စကားတွေကိုတည်အောင် အစွမ်းကုန်လုပ်ပေးနေသလို ပြည်သူတွေဘက်ကလည်း ပါဝင်လာဖို့ဆိုလိုက်ပြီး ပြည်သူကသာ အဓိကကျတယ်ဆိုပြီး ဖိတ်ခေါ်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြောကြားချက်တွေအရ အစိုးရဖြစ်လာပြီးနောက် ပြည်သူတွေကို ချပြထားတဲ့ ရည်မှန်းချက် ၃ ချက်ကို အကောင်အထည်ဖော်နေတာတွေဟာ ပြည့်စုံမှုမရှိသေးသလို အစိုးရသက် တမ်းမကုန်ခင်ကာလအထိ ပြီးမြောက်နိုင်မယ်ဆိုတာ သံသယဖြစ်မိတယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ သီပေါမြို့နယ်က ဦးရဲထွန်းက အခုလိုပြောပါ တယ်။

‘’အခုသက်တမ်းက ၅ နှစ်မှာ ၃ နှစ်လောက်က ကုန်သွားပြီလေ စီးပွားရေးကလည်း အောက်ခြေပြည်သူလူထု အတွင်းမှာကို သိပ်ပြီး အဆင်မပြေကြသေးဘူးပေါ့နော်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း တန့်နေတယ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကလည်း လွှတ်တော်ထဲမှာ စ လိုက်တာနဲ့ တပ်မတော်သားတွေက အပြင်းအထန် ကန့်ကွက်နေကြတာဆိုတော့ နည်းနည်းတော့ ကျွန်တော်တို့က ရင်လေးတယ်၊ ကော်မတီဖွဲ့တာလေးတောင် ကန့်ကွက်တယ်ဆိုတော့ သူတို့ကော်မတီထဲမှာ မပါဘူးဆိုရင်တော့ သေချာပြီ အောင်မြင်မှာမဟုတ်ဘူး၊ သူတို့ပါတယ်ဆိုရင်တော့ ညှိနှိုင်းကြရင်တော့ဖြစ်နိုင်တယ်’’

အစိုးရရဲ့ ပြည်သူတွေထံ ချပြပြောကြားချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ဆိုတာဟာလည်း အစိုးရတစ်ခုတည်းနဲ့တော့ မရနိုင်ဘူးဆိုတာကိုတော့ နိုင်ငံရေးလေ့လာသူတချို့တွေက လက်ခံကြပါတယ်။

ဒီကနေ့ တောင်ကြီးမြို့မှာပြောကြားခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြောကြားချက်ဟာ ပြည်သူတွေ ပူးပေါင်းပါဝင်လာကြဖို့ ဖိတ်ခေါ်တဲ့သတိပေးချက်ဖြစ်တယ်လို့လည်း ယူဆကြပါတယ်။

တောင်ကြီးမြို့က ရှမ်းပြည်နိုင်ငံရေးအဖွဲ့တာဝန်ခံ ဦးတင်မောင်တိုးက

‘’ပြည်သူလူထုရဲ့အားကိုလည်းသူလိုချင်ပုံရပါတယ်၊ ဘာဖြစ်လို့လဲဆို ကျွန်တော်တို့ ရှမ်းပြည်နယ်ထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၃၆ တုန်းကလည်း တော်တော်လေးကိုလှုပ်ရှားခဲ့ကြတယ်’’

စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဟာ အရေးကြီးတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက အတား အဆီးဖြစ်နေတယ်လို့လည်း တိုင်းရင်းသားနိုင်ငံရေးသမားတွေက ယူဆကြတဲ့အတွက် လွှတ်တော်ထဲက ဖွဲ့စည်းပုံပြင်ဆင်ရေးက ထိရောက်ပါ့မလားဆိုတာကိုလည်း မေးခွန်းထုတ်နေကြပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်း ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က အခုလို မှတ်ချက်ပေးထောက်ပြပါတယ်။

‘’တိုင်းရင်းသားရယ် အစိုးရရယ် တပ်မတော်ဆိုတာက တစ်စိတ်တည်း တစ်ဝမ်းတည်းမထားလို့ကို မရဘူးလေ တစ်ယောက်တစ်ယောက်ကို အနိုင်ယူနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသွား မယ်ဆို လိုရာပန်းတိုင်ကိုမရောက်နိုင်ပါဘူး၊ ပြုပြင်မယ်ဆိုတာထက်ကို အသစ်ပြန်လည်ရေးဆွဲတာက ပိုပြီးတော့အဆင်ပြေပါလိမ့်မယ်’’

ကမ္ဘာ့နိုင်ငံတွေကလည်း စုစည်းမှုနဲ့ ကွဲပြားမှုတွေရှိကြသလို မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ တစ်ဦးချင်းစီက ဆုံးဖြတ်ချက် ချမှတ်နိုင်မယ်ဆိုရင် နောင်လာမယ့်မျိုးဆက်သစ် အားလုံးအတွက် အင်မတန်တန်ဖိုးရှိတဲ့လုပ်ရပ်ဖြစ်လာမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့ကစလို့ ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ မိုင်းဆတ်နဲ့ ကျိုင်းတုံမြို့နယ်တွေမှာ လူထုတွေ့ဆုံပွဲတွေ လုပ်ခဲ့သလို ဒီကနေ့ တောင်ကြီးမြို့မှာ ကျင်းပတဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။