ထာဝရငြိမ်းချမ်းရေးရအောင် ထမ်းဆောင်ဖို့ အဆင်သင့် ရှိကြောင်းပြော

0:00 / 0:00

ပြည်သူပြည်သား၊ တိုင်းရင်းသားများက ပေးထားတဲ့ လုပ်ပိုင်ခွင့်အပေါ်အခြေခံပြီး ထာဝရငြိမ်းချမ်းရေးရယူရမယ့် တာဝန်ကိုထမ်းဆောင်ဖို့ အဆင်သင့်ရှိကြောင်းနဲ့ အားလုံးက ပူးပေါင်းပါဝင်ကူညီကြမယ် လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

နေပြည်တော် မြန်မာကွန်ဗန်းရှင်းစင်တာ (၂) မှာ ဒီကနေ့စတင်ကျင်းပတဲ့ "ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ" ဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာ ဖြစ်ပါတယ်။

"ကျမတို့နိုင်ငံမှာ တစ်မျိုးသားလုံးပြန်လည်သင့်မြတ်ဖို့ အထူးလိုအပ်ပါတယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ လျစ်လျူရှုထားလို့ မရနိုင်ပါဘူး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးမရှိဘဲနဲ့ တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးကို ဘယ်လိုမှမတည်ဆောက်နိုင်ပါဘူး၊ ယခုအချိန် မှာ ပြည်သူပြည်သား တိုင်းရင်းသားများက ကျမတို့ကိုပေးထားသော လုပ်ပိုင်ခွင့်အာဏာအပေါ် အခြေခံပြီး ထာဝရငြိမ်းချမ်းရေး ရယူရမယ့် တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်ရှိပါတယ်၊ အားလုံးက ပူးပေါင်းပါဝင် ကူညီကြမယ်လို့လဲ အထူးမျှော်လင့်ပါတယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) ဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး အတွက် ပထမအစခြေလှမ်း သာဖြစ်ကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့မလွဲမသွေကြိုးပမ်း အားထုတ်သွားရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေအကြား စိတ်ဝမ်းမကွဲကြဖို့ အရေးကြီးကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

peace-conference-a.jpg

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ မူတူးစေးဖိုးတို့လည်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြပါတယ်။

peace-conference-b.jpg

ဖွင့်ပွဲအခမ်းအနားကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင်တွေ၊ နိုင်ငံတကာ NGOs တွေ အစိုးရကိုယ်စားလှယ်တွေ စုစုပေါင်း ၈၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ စတင်ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ခေါင်းဆောင်အသီးသီးရဲ့ ပြောကြားချက်ကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။