ကမ္ဘာကို ပြည်သူ့အင်အား လက်တွေ့ပြမယ် လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား
2017.10.12

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ရဲ့ အခြေအနေနဲ့ပတ်သက် ပြီး နိုင်ငံတကာရဲ့အာရုံစိုက်ဝေဖန်မှု အင်မတန်ကြီးမားကြောင်း၊ နိုင်ငံတကာရဲ့ သဘောထားအမြင်တွေကို နားလည်သိရှိဖို့လည်းလိုကြောင်း၊ ဒါပေမဲ့ မိမိတို့နိုင်ငံရဲ့အခြေအနေကို မိမိတို့ပြည်သူပြည်သားတွေလောက် ဘယ်သူကမှ မသိနိုင်ကြောင်းနဲ့ ဒီပြဿနာ ဖြေရှင်းရေးအတွက် မိမိတို့ရဲ့ ညီညွတ်မှုအင်အားကသာလျှင် အဓိကဖြစ်ကြောင်း မနေ့ညက ပြောကြားလိုက်ပါတယ်။
“ဒီအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ လုပ်စရာရှိတာတွေကို၊ ကိုယ်လုပ်သင့်တာတွေကို မှန်မှန်ကန်ကန် ရဲရဲတင်းတင်း ထိထိရောက်ရောက် လုပ်ကိုင်နေဖို့ အရေးကြီးပါတယ်။ ဝေဖန်ချက်တွေ၊ စွပ်စွဲချက်တွေကို စကားနဲ့ တုန့်ပြန်ချေ ပနေတာထက် လက်တွေ့လုပ်ဆောင်ချက်တွေ၊ တိုးတက်မှုရလဒ်တွေနဲ့ ကမ္ဘာ့ကိုပြသသွားဖို့ ကျမတို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်”
မြန်မာပြည်သူတွေကို ကြာသပတေးနေ့ညက အစိုးရပိုင်မီဒီယာတွေကနေ တင်ပြတဲ့မိန့်ခွန်းမှာ ဒေါ်အောင်ဆန်း စုကြည်က ရခိုင်ပြည်နယ်ပြဿနာနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့် ဦးစားပေးလုပ်ငန်း ၃ ခုရှိကြောင်း၊ ၁။ လူသားချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက်ပေးပြီး ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး၊ ၂။ ပြန်လည်နေရာချထားရေးနဲ့ ၃။ ဒေသဖွ့ံ့ဖြိုးရေးနဲ့ ရေရှည်ပဋိပက္ခ ကင်းဝေးရေးတို့ဖြစ်ကြောင်း ပြောပါတယ်။
တဆက်တည်းမှာပဲ အဲဒီလုပ်ငန်းစဉ်တွေ အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရနဲ့အတူ ပြည်တွင်းပြည် ပနိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ လူတန်းစားပေါင်းစုံ ပါဝင်နိုင်မယ့် ယန္တယားတစ်ခုကို “ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine)” လို့ အမည်ပေးပြီး သူမကိုယ်တိုင် ဦးဆောင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာမယ့်သူတွေ အတွက်သာမက ဒိုင်းနက်၊ မြိုအစရှိတဲ့ တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေ အားလုံးအတွက် ဆောင်ရွက် မှာဖြစ်ကြောင်း ပြောပါတယ်။
“တည်ငြိမ်အေးချမ်း တိုးတက်ဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ်ဖြစ်ပေါ်လာရေးအတွက် လက်တွေ့တိုးတက်မှု ရလာဒ်တွေနဲ့ပြသဖို့ ကြိုးပမ်းဆောင်ရွက်မယ့် ဒီစီမံကိန်းမှာ ပြည်သူပြည်သားတွေ၊ ပြည်တွင်း NGO တွေ၊ CSO တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် မေတ္တာ ရပ်ခံပါတယ်။ လာမယ့် အပတ်မှစပြီး စီမံကိန်းအကောင်အထည်ဖေါ်တဲ့အခါမှာ ကျမတို့ ပြည်ထောင်စု ကြီးတစ်ရပ်လုံးက ဆန္ဒ၊ ဝိရိယ၊ စိတ္တ၊ ပညာအားတွေ စုပုံပြီး ထက်ထက်သန်သန်၊ သတ္တိရှိရှိနဲ့ သမိုင်းမှတ်ကျောက် တင်ရလောက်အောင် သန့်ရှင်း၊ မှန်ကန်တဲ့အစွမ်းတွေ ပြကြမယ်လို့ မျှော်လင့် ယုံကြည်ပါတယ်”
အဲဒီစီမံကိန်းအတွက် ပြည်သူတွေပါဝင်ကူညီနိုင်မယ့် လုပ်ငန်းစဉ်တွေကို အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး အင်တာနက် ဝက်ဘ်ဆိုဒ်အပါအဝင် နိုင်ငံပိုင် သတင်းမီဒီယာတွေက ကြေညာမှာဖြစ်ကြောင်းနဲ့ နိုင်ငံ တကာရောက် မြန်မာတွေနဲ့ မြန်မာနိုင်ငံအပေါ်စေတနာထားတဲ့ မိတ်ဆွေတွေအနေနဲ့လည်း နိုင်ငံခြား သံရုံးတွေကနေတဆင့် ပါဝင်ကူညီနိုင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ပါတယ်။