၂၁ ရာစု ပင်လုံ ညီလာခံမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတွေအတွက် ကြောက်စရာမလိုကြောင်းနဲ့ ပြဿနာ ရှိတာကို မရှိချင်ယောင်ဆောင်နေတာကသာ စိုးရိမ်စရာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။
ဒီနေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ပိတ်ပွဲအခမ်းအနား မှာ ပြောခဲ့တာဖြစ်ပါတယ်။
"အခုပြောသွားတဲ့အထဲမှာ ပွင့်ပွင့်လင်းလင်းဝေဖန်တာတို့၊ တိုက်ခိုက်တာတို့လည်း ပါသွားပါတယ်၊ ဒီကိုယ်စားလှယ်တွေထဲမှာ ကျွန်မကလည်း ဒီလိုဖြစ်တာဟာ ဘာမှကြောက်စရာ မရှိဘူးလို့ ကျွန်မက ဒီလိုပဲ ယုံကြည်ပါတယ်၊ စိုးရိမ်စရာမရှိပါဘူး၊ ပြဿနာကို စိုးရိမ်စရာမရှိပါဘူး၊ ပြဿနာ မရှိချင်ယောင်ဆောင်နေ တာကသာ စိုးရိမ်စရာဖြစ်ပါတယ်၊ ပြဿနာမရှိချင်ယောင် ဆောင်နေလို့ရှိရင်တော့ ပြဿနာတွေကို ကျွန်မတို့ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့်မို့လို သတ္တိရှိရှိနဲ့ ကျွန်မတို့ ဒီပြဿနာတွေကို ရင်ဆိုင်မယ် ၊ ဖြေရှင်းနိုင်တဲ့အရည်အချင်းတွေကို ကျွန်မတို့မွေးထုတ်မယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာဖြစ် ပါတယ်။
အစိုးရအနေနဲ့ အားလုံးကို လက်တွဲဖေးမကူညီပြီး တစ်ဦးရဲ့အမြင်ကို တစ်ဦးက လေးစားမယ်ဆိုရင် သဘောထား မတိုက်ဆိုင်တာတွေ ရှိရင်တောင် ဘာကြောင့် မတိုက်ဆိုင်တာလဲဆိုတာကို စဉ်းစားဖြေရှင်းရင် လိုချင်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ရှိမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အစိုးရက ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းရေးရဖို့ အရှေ့ကနေဆိုလည်း နေပေးမှာဖြစ်ပြီး အနောက်ကနေ ပါဆိုလည်းနေပါ့မယ် ခံစရာရှိလည်း အရှေ့ကနေ ခံသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကတိပေးခဲ့ ပါတယ်။
တိုင်းရင်းသားအစုအဖွဲွ့ ကိုယ်စားလှယ် ဦးခက်ထိန်နန်က ကချင်စကားပုံမှာ မှိုဟာအရင်ပေါက်တဲ့နေရာ မှာ သေချာပေါက် ပြန်ပေါက်မှာဖြစ်တဲ့အတွက် ၁၉၄၇ ပင်လုံစာချုပ်ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း လို ခေါင်းဆောင်မျိုး ဒီနေ့ ပေါ်ပေါက်နေပြီဖြစ်ကြောင်း အဲ့ဒါဟာ နိုင်ငံတော် အတိုင်ပင်ခံကြီး မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်း ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၁ ရာစုပင်လုံညီလာခံကို ၁၉၄၇ ခုနှစ်က ပင်လုံညီလာခံလို နိုင်ငံရဲ့သမိုင်းမှာ ဂုဏ်ယူစရာ အခမ်းအနားဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘယ်လောက်ခက်ခဲကြောင်း သိရအောင် ၂၁ ပင်လုံ ညီလာခံဆွေးနွေးမှုတွေကို စတင်ကျင်းပချိန်ကစပြီး တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
