ဗိုလ်ချုပ်မွေးနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကလေးတွေကို မနက်စာ အာဟာရ ကုသိုလ်ပြု


2017.02.13
dassk-child-620.jpg ရှမ်းပြည်နယ် တောင်ကြီးမြို့တဝိုက်က မိဘမဲ့ကလေးတွေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် အာဟာရကုသိုလ်ပြုစဉ်
Photo: Htet Arker/ RFA

ဒီနေ့ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ၁၀၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ သမီးဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ် တောင်ကြီးမြို့တဝိုက်မှာရှိတဲ့ ပရဟိတကျောင်းတွေက မိဘမဲ့ကလေးတွေကို မနက်စာအာဟာရ ကုသိုလ်ပြုခဲ့ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမမှာ တောင်ကြီးမြို့တဝိုက်က ပရဟိတကျောင်း ၁၂ ကျောင်းမှာရှိတဲ့ မိဘမဲ့ကလေး ၂၄၀ ကို မနက်အာဟာရ ကုသိုလ်ပြုခဲ့ပြီး ကလေးတွေနဲ့အတူ ထမင်းစားကာ အားပေး စကားတွေ ပြောခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကလေးတွေ ကျန်းမာဖို့ အစားများများ စားကြဖို့ မှာကြားခဲ့ပါတယ်။

အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စု အစိုးရဝန်ကြီးတချို့နဲ့ ဒေါက်တာတင်မျိုးဝင်းလည်း တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပရဟိတကျောင်းတွေကို ငွေကျပ် ၂၇ သိန်း ၆ သောင်း လှူဒါန်းခဲ့ပြီး ကျောင်းသုံး ဗလာစာအုပ်တွေ၊ စာရေးကိရိယာတွေ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အင်္ဂလိပ်-မြန်မာ နှစ်မျိုးပါတဲ့ စာအုပ်တွေ လည်း လှူဒါန်းခဲ့ပါတယ်။

အလားတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာပြန်ချထားရေးဝန်ကြီးဌာနကလည်း ဆန်အိတ် ၁၃၅ အိတ်၊ ဆီ ၆၆၅ ပိဿာ၊ ဆား၂၇ ပိဿာ လှူဒါန်းခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ပင်လုံမြို့မှာ ကျင်းပခဲ့တဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး တိုင်းရင်းသားကိုယ်စားလှယ် ၁၂ ဦးနဲ့ ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ တောင်ကြီးမြို့ကတဆင့် အင်းလေး ဖောင်တော်ဦးဘုရားကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဒီနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ကလေးများနေ့ အခမ်းအနားတွေကို တိုင်းနဲ့ ပြည်နယ်အတော်များများမှာ ကျင်းပကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။