ယူနက်စကိုနဲ့ ပူးပေါင်းပြီး ပုဂံအမွေအနှစ် ထိန်းသိမ်း သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော


2016.09.20
dassk-unesco-620.jpg ယူနက်စကိုအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နယူးယောက်မြို့မှာ ကမ္ဘာ့ကုလသမဂ္ဂအဆောက်အအုံမှာ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ဆုံကြစဉ်
Photo: MOFA

ငလျင်ကြောင့်ပျက်စီးသွားတဲ့ ဘုရားတွေမွမ်းမံတဲ့အခါ ပုဂံရှေးမူလလက်ရာအတိုင်းဖြစ်ဖို့နဲ့ ပုဂံဒေသရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းဖို့ ယူနက်စကိုအဖွဲ့နဲ့ ပူးပေါင်းသွားမယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မနေ့က နယူးယောက်မြို့မှာရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဆောက်အအုံမှာ ယူနက်စကိုအဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova နဲ့ သီးသန့်တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာကို ယူနက်စကိုအဖွဲ့က သတင်းထုတ်ပြန် ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကိုအဖွဲ့ အစီအစဉ် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမျိုး က ပြောပါတယ်။

"ယဉ်ကျေးမှုအမွေအနှစ်တွေဟာ အမျိုးသားရေး ပြန်လည်ပေါင်းစည်းရေးအတွက် တစ်ထောင့်တနေရာ ကနေ အထောက်အကူပြုစေမှာဖြစ်စေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားတာရှိ ပါတယ်။ ပြီးတော့ ပုဂံဒေသရဲ့အခြေအနေတွေ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးတွေအတွက် ကိုလည်း ဆက်လက်ပြီးတော့ ယူနက်စကိုအဖွဲ့နဲ့ နှစ်ဦးနှစ်ဘက်ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း သတင်းထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖေါ်ပြထားတာတွေ့ရပါတယ်။" လို့ ဒေါ်ဥမ္မာမျိုး က ပြောတာဖြစ် ပါတယ်။

ပုဂံဘုရားတွေကို မွမ်းမံတဲ့အခါမှာ ယူနက်စကိုက နည်းပညာဆိုင်ရာအကူအညီပေးဖို့၊ မျိုးဆက်သစ် လူငယ်တွေ နိုင်ငံရဲ့ယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာနိုင်ဖို့ ပြတိုက်တွေကို အဆင့်မြှင့်ဖို့ ဆန္ဒရှိကြောင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ပြည်သူတွေအတွက် အင်အားဖြစ်စေလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တဲ့လို့လည်း ယူနက်စကိုရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပါရှိပါတယ်။

ပုဂံဒေသမှာ ယူနက်စကိုက လုပ်ဆောင်နေတဲ့ အခြေအနေတွေနဲ့ ဆက်ပြီးလုပ်ဆောင်မယ့်လုပ်ငန်းတွေ၊ အစိုးရဝန်ကြီးဌာနတွေအနေနဲ့ တာဝန်ယူရမယ့်ကိစ္စတွေ အပါအဝင် ပုဂံဒေသ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရမယ့်နည်းပညာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဖို့ ပြင်ဆင်ထားတယ်လို့လည်း ဒေါ်ဥမ္မာမျိုး က ပြောပါတယ်။

ငလျင်ဒဏ်ခံရတဲ့ပုဂံဘုရားတွေ မွမ်းမံဖို့ရရှိထားတဲ့ အလှူငွေတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက သုံးစွဲနေတဲ့နေရာမှာ ထိရောက်မှုမရှိဘဲ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်တွေ မြင်တွေ့နေရတယ်လို့ လည်း ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။

ပုဂံဘုရားတွေမွန်းမံဖို့ လက်ရှိအချိန်အထိ အလှူငွေ ငွေကျပ်သိန်းပေါင်း ၂ သောင်းကျော်ရရှိထားပြီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။