ရဲတွေရဲ့လိုအပ်ချက်တွေ ဖြည့် ဆည်းပေးဖို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား
2016.06.08
အမှတ် ၁ ရဲလေ့ကျင့်ရေးကျောင်း သရုပ်ပြပွဲအခမ်းအနားကို ဇွန်လ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တန်ဖိုးရှိတဲ့ရဲတွေ ပေါ်ပေါက်လာရေး အတွက် ရဲသင်တန်းသားတွေရဲ့ လိုအပ်ချက်တွေနဲ့ မျှော်လင့် ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ ပြောကြား လိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်းမှာ ဒီကနေ့ ကျင်းပတဲ့ သရုပ်ပြပွဲအခမ်းအနားကို တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ တာ ဖြစ်ပါတယ်။
ဒါ့အပြင်သူက သင်တန်းကျောင်းမှာ ရဲဝတ်စုံ၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊ အဆောက်အအုံစတဲ့ အခြေခံ လိုအပ်ချက်တွေပြည့်စုံရေးအတွက် ဆွေးနွေးခဲ့ပြီး ဒီသင်တန်းကျောင်းကို စံပြရဲ သင်တန်းကျောင်း ဖြစ်အောင် အမြန်ဆုံး ဆောင်ရွက်ပေးမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရဲတပ်ဖွဲ့ရဲ့ စာတွေ့သင်ကြားနေမှုတွေကို လိုက်လံကြည့်ရှုခဲ့ပြီး သင်တန်းသူ တစ်ဦးချင်းရဲ့ အခက်အခဲတွေကိုလည်း မေးမြန်းအားပေးခဲ့တယ်လို့ သိရပါတယ်။









