မြစ်ကြီးနားမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ကျင်းပ
2017.10.16

ရခိုင်ပြည်နယ်အရေးအပါအဝင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ဆောင်ရွက်နေတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို မြစ်ကြီးနားမြို့ ဗိုလ်ချုပ်အောင်ဆန်း ရင်ပြင်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဌာန ဝန်ကြီးလည်းဖြစ်တဲ့ ဦးမြသိန်းက မြန်မာ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရပ်တည်ထောက်ခံကြောင်း ဖော်ထုတ်ပြသတာဖြစ်တယ်လို့ ပြောပါတယ်။
"နိုင်ငံတကာကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားတွေများလာတယ်ပေါ့။ အဲဒီဖိအားများလာတဲ့အပေါ်မှာ မြန်မာပြည်သူလူထုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်တည်ပြီးမှရှိတယ်ဆိုတာကို ကျနော်တို့ ပြသချင်တဲ့သဘောပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမှတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကနေပြီးမှ ဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျ။ ဒါကိုကျနော်တို့လည်း အပြည့် အဝထောက်ခံနေတယ်ဆိုတဲ့အကြောင်း ပြောလိုပါတယ်"
ထောက်ခံပွဲမှာ တေးသီချင်တွေ၊ ရှမ်း၊ ကချင်၊ ဗမာ စတဲ့ ရိုးရာအကတွေနဲ့ ဖြေဖျော်ခဲ့ကြသလို ဟောပြောပွဲလည်း ပြုလုပ်ခဲ့ပါတယ်။
မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဟိုပင်၊ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ တာလောကြီး စတဲ့ မြို့ရွာတွေက ရှမ်း၊ ဗမာ၊ ကချင် စတဲ့ တိုင်းရင်းသားတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအပါအဝင် လူဦးရေ နှစ်ထောင်ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အလားတူ ထောက်ခံပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး စတဲ့ မြို့ကြီးတွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။