အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တွေ့ဆုံနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။

နိုင်ငံတွင်းဖြစ်ပေါ်တိုးတက်နေတာတွေနဲ့ ပတ်သက်ပြီး ပြောကြားသွားဖို့ဖြစ်ပြီး ရခိုင်အရေးကိစ္စက တပိုင်းတစ ပါဝင်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ပြောပါတယ်။

"အောက်ခြေမှာ အရင်ညှိတဲ့သဘောပါ၊ သူတို့အကုန်လုံး အဆင်ပြေတယ်ဆိုရင် ၁၉ ရက်နေ့မှာ စီစဉ်တဲ့အ တိုင်းဖြစ်မှာပါ၊ အဓိကက ကိုယ့်နိုင်ငံမှာ ဖြစ်ပေါ်တိုးတက်နေတာတွေကိုပြောရင်းနဲ့ စောစောကကိစ္စကတော့ တပိုင်းတစပါသွားမှာပါ"

အဲဒီတွေ့ဆုံပွဲကို ရန်ကုန်မြို့မှာကျင်းပဖို့ စီစဉ်ထားပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာရောက်နိုင်ရေး အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘာလီမှာကျင်းပခဲ့တဲ့ အာဆီယံအကြီးတန်းအရာရှိတွေရဲ့ အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံဘက်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲက မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်အရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။