ထားဝယ်အရှေ့တောနယ်က စစ်ဘေးဒုက္ခသည် ခုနစ်ထောင်ကျော် အကူအညီလိုအပ်နေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နှစ်ပတ်အတွင်း ကျေးရွာ ၁၂ ရွာက စစ်ဘေးဒုက္ခသည် ခုနစ်ထောင်ကျော်အထိရှိလာပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလို အပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ တာဝန်ရှိသူတွေက ပြောပါတယ်။

"ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာတွေ လိုက်ပြီးအကူအညီတောင်းနေရတယ်၊ မေတ္တာက ပြေးလာတဲ့အထဲမှာ သူနာပြုဆရာမ လေးငါးယောက်လောက်တွေ့တယ်၊ ကျွန်တော်တို့ဆီက ဆရာတွေနဲ့ အဲ့ဆရာလေးတွေ ပေါင်းပြီး ကျန်းမာရေးပိုင်းဆိုင်ရာတွေ စီစဉ်ဆောင်ရွက်ပေးနေတယ်၊ လောလောဆယ်က အဓိက နေစရာ၊ စားစရာနဲ့ အထူးသဖြင့် ဆေးဝါးပေါ့နော်၊ အဓိက ဆန်ပဲလေ"

ထားဝယ်မြို့အရှေ့ဘက် ထိုင်းနယ်စပ်ကိုသွားတဲ့ ထားဝယ်-ထီးခီးလမ်းတလျှောက်မှာ စစ်ကောင်စီဘက်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် သင်္ကန်းတုံးနဲ့ မေတ္တာမြို့ကြားမှာ တော်လှန်ရေးတပ်ဖွဲ့ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ဆယ်ရက်ကျော်ကြာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

စစ်ကောင်စီဘက် တိုက်ပွဲဖြစ်ပွားတဲ့နေရာအပြင် ကျေးရွာတွေထဲအထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မေတ္တာ၊ တောင်သုံးလုံး၊ ရွှေချောင်း၊ ကထောင်းနီ၊ ပျဥ်းသားတော၊ ကျောက်မဲတောင်၊ ဝကုန်းအပါဝင် ကျေးရွာ ၁၂ ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

ဒေသခံတွေဟာ ထားဝယ်မြို့ပေါ်ကို ထွက်ပြေးကြတဲ့သူတွေရှိသလို မြေးခံဘော်၊ ချောင်းမကြီးဘက်ကို ထွက်ပြေးကြသလို တစ်ချို့ ကတော့ ထိုင်းနိုင်ငံဘက်ထိ ထွက်ပြေးကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတဲ့ စစ်ဘေးဒုက္ခသည် ၄၀၀ ခန့်ကို ထိုင်းဘက်ကလက်မခံတာကြောင့် လတ်တလော ဆင်ဖြူတိုင်ကျေးရွာမှာ နေရာချထားပြီး စားသောက်ဖို့ အကူအညီပေးနေတယ်လို့လည်း ဆိုပါတယ်။

KNU တပ်မဟာ ၄ မြိတ်-ထာဝယ်ခရိုင်ရုံးကတော့ ဒေသခံတွေကိုကူညီစောင့်ရှောင်နိုင်ဖို့ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ကို မတ်လ ၁ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ကူညီပံ့ပိုးလိုသူတွေအနေနဲ့ အကြောင်းအချက်အပြည့်အစုံနဲ့ အသိပေးအကြောင်းကြားဖို့လည်း ထုတ်ပြန်ချက်မှာမေတ္တာရပ်ခံထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက ပြီးခဲ့တဲ့ ဇန်နဝါရီလအထိ တနင်္သာရီတိုင်းအတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၅၉,၀၀၀ ကျော် ရှိတယ်လို့ တိုင်းအတွင်းက အဖြစ်အပျက်တွေကို အချက်အလက်ကောက်ယူကာ စုစည်းထုတ်ပြန်နေတဲ့ FE5 Tanintharyi အဖွဲ့က ထုတ် ပြန်ထားပါတယ်။