ထားဝယ်မှာ သပိတ်ခေါင်းဆောင်တွေ အပါအဝင် ကျောင်းသား ၁၄ ဦး ဖမ်းဆီးခံရ
2021.05.29
တနင်္သာရီတိုင်း ထားဝယ်မြို့က ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ သပိတ်ခေါင်းဆောင်တွေအပါအဝင် တက္ကသိုလ်ကျောင်းသား ၁၄ ယောက်ကို ဒီနေ့ စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။
ထားဝယ်မြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ ကျောင်းသား ၁၀ ယောက် ဒီကနေ့ နေ့လည်ပိုင်းက လူစုနေတုန်း စစ်ကောင်စီတပ်သား ၂၀ ကျော်လောက် ဝိုင်းဖမ်းတာ ခံလိုက်ရတာလို့ ကျောင်းသားတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ညနေပိုင်းမှာလည်း ထားဝယ် အမျိုးသမီး သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မညိုမာဦး အပါအဝင် လေးဦးကို ကျောက်မော်ရပ်ကွက်က နေအိမ်မှာ ဝင်ဖမ်းသွားပါတယ်။
သူတို့ ၁၄ ယောက်စလုံးကို ဘယ်ကိုဖမ်းသွားလဲဆိုတာ ခုထိမသိရ သေးဘူးလို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာ ထားဝယ်တက္ကသိုလ်နဲ့ နည်းပညာ တက္ကသိုလ်က ကျောင်းသားတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှာ ဦးဆောင်ပါဝင်နေသူတွေ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ တခြားတိုင်းနဲ့ ပြည်နယ်တွေနည်းတူ ထားဝယ်မြို့မှာ လူအင်အား အများအပြားနဲ့ လမ်းမပေါ်ထွက် ဆန္ဒပြနေတာဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာ စစ်ကောင်စီက ထားဝယ်မြို့နယ် ရပ်ကွက်တွေထဲထိ သွားလာလှုပ်ရှားတာတွေ ရှိလာတာကြောင့် ဆန္ဒပြသပိတ်တွေကို တက္ကသိုလ်ကျောင်းသားတွေ အဓိကဦးဆောင်ပြီး ပျောက်ကြားစနစ်နဲ့ လုပ်နေကြတာဖြစ်ပါတယ်။
ထားဝယ်မြို့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဇာတိမြို့ဖြစ်ပါတယ်။
ဒါပေမဲ့ လူဦးရေ တစ်သိန်းခွဲလောက် နေထိုင်တဲ့ ထားဝယ်မြို့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံတဲ့သူဟာ တစ်ရာခိုင်နှုန်းအောက်ပဲ ရှိတယ်လို့ သပိတ်ခေါင်းဆောင် ကျောင်းသားတွေက RFA ကိုပြောပါတယ်။
ထားဝယ်မြို့ခံ ဆန္ဒပြ သပိတ် ကျောင်းသားတွေ ပြုစုထားတဲ့ စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ ထားဝယ်ခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ခံရလို့ သေဆုံးသူ ၁၄ ဦးနဲ့ ဖမ်းဆီးခံထားရသူ အယောက် ၅၀၀ နီးပါးရှိပါတယ်။