တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ မတ်လ ၂ ရက်နေ့ မနက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာငါးရွာက ဒေသခံတစ်ထောင်ခန့် ဘေးလွတ်ရာထွက်ပြေးခဲ့ရတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
ရောင်းမော်ရွာအနီး စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးခဲ့တာကြောင့် ရောင်းမော်ရွာအပါအဝင် ကင်းရှေ့၊ ကြာအင်း၊ ကြက်စားပြင်နဲ့ ဆေးဖြတ်ကုန်းရွာက ဒေသခံတွေ ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။
မတ်လ ၃ ရက် ဒီနေ့မှာလည်း ရောင်းမော်ရွာအနီးကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲ မနေ့က မနက်ပိုင်း ၆ နာရီလောက်မှာဖြစ်တာ။ ရဟတ်ယာဉ်နဲ့ သုံးကြိမ်လာပစ်တယ်။ ဒီနေ့လည်း လက်နက်ကြီးတွေ အဲဒီနားတစ်ဝိုက်ကို ကျနေတယ်။ ဘယ်က လှမ်းပစ်တာလဲတော့ မသိဘူး”
ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ရွာတွေဟာ အိမ်ခြေတစ်ရာခန့်ရှိတဲ့ ရွာငယ်လေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတွေ ထွက်ပြေးနေရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ရောင်းမော်ရွာအနီးက စစ်ကောင်စီတပ်စခန်းကို မတ်လ ၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေပါ သိမ်းဆည်းရရှိတယ်လို့ ဒီနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းအတွင်းက အချက်အလက်တွေကို ကောက်ယူနေတဲ့ FE5 Tanintharyi အဖွဲ့ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ခြောက်သောင်းနီးပါး (၅၉,၀၀၀ ကျော်) ရှိပါတယ်။