သေဒဏ်ချမှတ်ခံထားရသူတွေထဲက ပြစ်ဒဏ်လျှော့ပေါ့သင့်သူတွေကို သေဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး ထောင်ဒဏ်တစ်သက်ကို ပြောင်းလဲလိုက်တယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၁ ရက် ဒီနေ့မှာ ကြေညာပါတယ်။
သေဒဏ်ကနေ ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်လိုက်တဲ့ လူဦးရေအရေအတွက် ကိုတော့ တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ အထိ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်လို့ သေဒဏ်ချမှတ်ခံထားရ ပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ ၁၁၅ ဦးရှိနေပါတယ်။
စစ်ကောင်စီကတော့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်နဲ့ အချုပ်စခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး လွတ်ငြိမ်းခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကျဉ်းထောင်နဲ့ အချုပ်ထောင်တွေမှာ ထောင်ကျနေတဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၂၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း စစ်ကောင်စီရဲ့ ကြေညာချက်ထဲ ပါဝင် ပါတယ်။
ဒီနေ့ ဩဂုတ် ၁ ရက်နေ့မှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၁၉ မှုထဲက ငါးမှုအတွက် ထောင်ခြောက်နှစ်ကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့အမှု ၁၂ မှုထဲက အမှု နှစ်မှု အတွက်ကိုလည်း လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာထား ပါတယ်။
ဒါ့အပြင် ထောင်ချခံထားတဲ့ TNLA အဖွဲ့ဝင် ၁၆ ဦး၊ SSPP/SSA အဖွဲ့ဝင် သုံးဦး၊ MNDAA အဖွဲ့ဝင်နှစ်ဦး၊ AA အဖွဲ့ဝင် တစ်ဦး၊ စုစုပေါင်း ၂၂ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့သလို တရားစွဲဆိုထားဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်နဲ့ ဆက်စပ်သူ ၇၂ ဦးကိုလည်း လွှတ်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူတွေအနေနဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်ကျူးလွန်ရင်တော့ ဒီပြစ်ဒဏ်အပြင် လက်ရှိပြစ်ဒဏ်ကျခံဖို့ ကျန်ရှိနေတဲ့ နှစ်တွေကိုပါ ဆက်ပြီးကျခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။